ပထဝီနိုင်ငံရေး အလှုပ်အရှားများနှင့် အလျင်အမြန် ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေး အခြေအနေတွင် အိန္ဒိယ နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအသစ်ကို ပေးနိုင်တော့ မည်လော။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကာလများက အိန္ဒိယနိုင်ငံသည် အခက်အခဲ၊ အကျပ်အတည်းများနှင့် ရုန်း ကန်ကြိုးစားနေရသည့် အခြေအနေတွင်ရှိခဲ့သည်။ ဆင်းရဲ နွမ်းပါးမှု၊ အလုပ်လက်မဲ့ အခြေအနေ၊ ချုပ်ကိုင်မှုကြီးမားသော အစိုးရယန္တရား၏ ကြိုးနီစနစ်နှင့်အတူ တည်ငြိမ်မှုမရှိသော စီးပွားရေးအကြောင်းများသည် အိန္ဒိယနိုင်ငံ၏ သတင်းများ တွင် ခေါင်းကြီးပိုင်းနေရာများ၌ အမြဲတမ်း ရှိနေခဲ့သည်။
၂၀၁၄-၂၀၁၅ ခုနှစ်က အိန္ဒိယသည် ကမ္ဘာ့စီးပွားရေး ပမာဏတွင် ၁၀ နိုင်ငံမြောက်အဆင့်၌သာ ရှိနေခဲ့ပြီး ယခု အချိန်တွင် ပဉ္စမမြောက်နိုင်ငံမြောက် အကြီးဆုံးနိုင်ငံ ဖြစ်နေ ခဲ့ပြီ။ ၂၀၁၄-၂၀၁၅ မှ ၂၀၂၂-၂၀၂၃ အထိ နိုင်ငံ၏နှစ်စဉ် ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ပျမ်းမျှအားဖြင့်၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ အခြေအနေက ဆက်လက်အရှိန်တက်နေသည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီNarendra Modi)) က အိန္ဒိယ သည် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေး ကျိန်းသေပေါက် ဖြစ်လာမည်ဟုဆိုနေသည်။
ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး တရုတ်နိုင်ငံတွင် သက်ကြီးဦးရေ ဝန်ထုပ်ကြီးမားလာနေစဉ် အိန္ဒိယသည် လုပ်သားဦးရေ အများဆုံးနိုင်ငံ ဖြစ်လာနေသည်။ အိန္ဒိယရှိ လူအများစုသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအထက်ကို ရောက်ရှိ နေကြပြီဟုလည်းဆိုသည်။၂၀၁၁- ၂၀၁၉ကာလများအတွင်း အိန္ဒိယနိုင်ငံ၏ အလွန်အမင်း ဆင်းရဲနွမ်းပါးသော လူဦးရေ ပမာဏသည် ထက်ဝက်မျှ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ ဘဏ်၏ စာရင်းဇယားများက ဖော်ပြနေသည်။
စိုက်ပျိုးရေးကဏ္ဍသည် နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း ၄ ရာခိုင်နှုန်းနီးပါးအထိရှိပြီး ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ ခုနှစ်ကတည်း ၅ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းကြားတွင် ဖြစ် ပေါ်နေခဲ့သည်။ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးချဲ့မှုလာမှုကြောင့် ဝင်ငွေနည်းပါးသူများပင် ဘဏ်အသုံးပြုလာတတ်ကြပြီး ကျေးလက်ဒေသလူများ၏ စားသုံးမှုများလည်း အားကောင်း လာနေသည်။ လက်ရှိအခြေအနေတွင် လူဦးရေ၏ ၇၈ ရာခိုင် နှုန်းသည် ဘဏ်လုပ်ငန်းနှင့်ဆက်စပ်မှုရှိနေကြပြီး ငွေကြေး စုဆောင်းမှုများကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်နေကြပြီ ဖြစ်သည်။
အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှုအတွက် ယခင်ကာလများက အားကိုးအားထားမပြုခဲ့သော ပို့ကုန်ကဏ္ဍသည် ကိုဗစ်ကပ် ရောဂါကာလအတွင်း အားကောင်းလာခဲ့သည်။ ၂၀၂၁-၂၀၂၃ ကာလများတွင် ၄၅ ဒသမ ၁၃ ရာခိုင်နှုန်းအထိ တိုး တက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆက်လက်မြင့်တက်ခဲ့ သည်။ ထိုအခြေအနေသည် တစ်ဖက်တွင် ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယပို့ကုန်၏ အရေးပါမှုအခန်းကဏ္ဍကို ပေါ်လွင်လာစေ ပြီးနှင့် အခြားတစ်ဖက်တွင် အာဆီယံအပါအဝင် နိုင်ငံငယ် များအတွက် စိန်ခေါ်မှုသစ်အဖြစ် ထင်ဟပ်လာနေသည်။
တရုတ်နိုင်ငံမှာမူ ငွေကျုံ့မှု (ဒီဖလေရှင်း)ဒဏ်ကို စိုးရိမ် ထိတ်လန့်လျက်ရှိနေပြီး စီးပွားရေးတိုးတက်မှုမှာ တစ်ဟုန် ထိုးကျဆင်းနေခဲ့သည်။ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းသို့ က ျဆင်းသွားခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ကျဆင်းနိုင်မည်ဟုလည်း ခန့်မှန်း နေကြသည်။ သက်ကြီးရွယ်အို လူဦးရေ မြင့်တက်လာမှု၊ ကျေးလက်မြို့ပြ ကွာဟလာမှု၊ မဖွံ့ဖြိုးသေးသော ဘဏ္ဍာရေး စနစ် အပါအဝင် ပြည်တွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) က သုံးသပ်ထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ နှင့် နိုင်ငံရေးအရ ဆက်ဆံမှုများ ယိုယွင်းလာခြင်းသည်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမျှော်လင့်ချက်များကို အားလျော့ စေ လျက်ရှိသည်။ အထူးသဖြင့် ပို့ကုန်မျှော်လင့်ချက်များကို ပျက်စီးသွားခြင်းဖြစ်သည်ဟုဆိုသည်။ ယခုအချိန်ထိ နိုင်ငံရေး၊ စီးပွားရေး အပူအအေးမမျှတဖြစ်လျက် စီးပွားဖက်၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးများ မူလအခြေအနေ ပြန်လည်ရောက်ရှိရေးအတွက် အရှိန်မြှင့်လျက် အားထုတ် လုပ်ဆောင်နေရသည်။
အမှန်တွင် တရုတ်နိုင်ငံသည် ကုန်ကျစရိတ်သက်သာ သည့် ထုတ်လုပ်မှုကြောင့် အမေရိကန်၊ အနောက်အုပ်စုနိုင်ငံ များနှင့် ဂျပန်တို့အတွက် အကြီးမားဆုံး အလုပ်ရုံကြီးဖြစ်လာခဲ့ ခြင်းဖြစ်သည်။ သို့သော် အမေရိကန်-တရုတ် ထိပ်တိုက်တွေ့ မှု၊ ရုရှား-ယူကရိန်း စစ်ပွဲနှင့် တရုတ်နှင့် ရုရှားနှစ်နိုင်ငံ ဆက် ဆံရေးစိပ်လာခြင်းသည် တရုတ်ပို့ကုန်များအပေါ် အတား အဆီးများ ပိုမိုဖြစ်လာခဲ့ပြီး လုံခြုံရေးစိုးရိမ်မှုများလည်း တိုး လာစေခဲ့သည်။ ထို့အပြင် ကိုဗစ်ပေါ်လစီ အမှားအယွင်း များကလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် အကန့်အသတ်များ၊ အခြေခံ စက်မှုလုပ်ငန်းများအပေါ် ထိခိုက်ပျက်စီးများရှိခဲ့သည်။
လူမှုရေးကဏ္ဍရှိ သက်ကြီးရွယ်အိုဦးရေ များပြားလာ ခြင်းကြောင့် အလုပ်လုပ်ကိုင်သူဦးရေ ရှားပါးလာခြင်းသည် တရုတ်နိုင်ငံအတွက် စိုးရိမ်စရာတစ်ခုပင်။ ထိုအခြေအနေ၏အကျိုးဆက်များသည် ထုတ်လုပ်မှုစရိတ် မြင့်တက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ထိခိုက်လွယ်မှုများကို ဦးတည်သွား သည်။ တရုတ်နိုင်ငံ၏ အလုပ်လုပ်နေသော အသက်အရွယ် ဦးရေသည် ၂၀၂၀ ပြည့်နှစ်တွင် သန်း ၈၈၀ ခန့်ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် သန်း ၈၂၀ သို့ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထား ကြသည်။ ကြိုတင်မှန်းဆနေသူများက ကလေးမွေးဖွားနှုန်း သည် ၁၉၈၀ ပြည့်နှစ်များတွင် ၂ ဒသမ ၆ ရှိရာမှာ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁၅ သို့ ကျဆင်းခဲ့သည့်ကို လေ့လာလျက် ၂၀၈၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ သည် အလုပ်လုပ်သူ ဦးရေကို ကျော်လွန်သွားလိမ့်မည်ဟု လည်းဆိုသည်။
ထို့ကြောင့်တရုတ်နိုင်ငံသည် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ မညီမျှမှုများအပါအဝင် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင် နေရသည်။ အလုပ်လုပ်နိုင်သည့် လူဦးရေ ရှားပါးမှု၊ ကုန် ထုတ်စွမ်းအား ကျဆင်းမှု၊ ပိတ်ဆို့ အရေးယူမှုများကြောင့် နည်းပညာလွှဲပြောင်းမှု ကန့်သတ်ချက်များ၊ အိမ်ခြံမြေကဏ္ဍ ပူဖောင်းဖြစ်နေမှုနှင့် လူငယ်များကြား အလုပ်လက်မဲ့ မြင့်မား မှုတို့သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ရောက်ရှိရေးကို နှောင့်နှေးစေလျက်ရှိသည်။ နောက်ဆုံးတွင် နိုင်ငံသားတစ်ဦး ချင်း၊ အိမ်ထောင်စုများမှသည် စီးပွားရေးလုပ်ငန်းများအထိ မသေချာ မရေရာမှုများဖြင့် ဖြစ်လာနိုင်သည်။ အသုံးစရိတ် ကျဆင်းလာမှု၊ ဘဏ်တွင် အပ်နှံငွေများ ပိုမိုထားရှိလာမှု စသည့်အခြေအနေများသည် ဂျပန်နိုင်ငံ၏ စီးပွားရေးကျဆင်း မှုကဲ့သို့ပင် ပြည်တွင်းဝယ်လိုအား ကျဆင်းစေသည့် အခြေ အနေ ဖြစ်သွားနိုင်သည်ဟု သုတေသီများ သုံးသပ်နေကြသည်။
ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီ၌ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ကမ္ဘာ့ အချမ်းသာဆုံးသော အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင် များ တက်ရောက်ကြသည်။ သို့သော် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအဆောက်အအုံဖြစ်ပြီး အိန္ဒိယ၏ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံမှ သမ္မတရှီကျင်းပင် မတက် ရောက်ခဲ့ပေ။
ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပသည့် အိန္ဒိယနိုင်ငံနှင့် အစည်းအဝေးသို့ ထိပ်သီးသမ္မတ မတက် ရောက်သည့် တရုတ်နိုင်ငံတို့၏ စီးပွားရေး အခြေအနေ အပြောင်းအလဲများမှာ အနာဂတ်ကမ္ဘာ့စီးပွားရေး မှန်းဆချက် များနှင့် ဆက်စပ်စဉ်းစားမိပါက တိုက်တိုက်ဆိုင်ဆိုင်ပင် စိတ် ဝင်စားဖွယ် ကောင်းနေသည်ကိုတွေ့ရ၏။
စောနိုင်(အသုံးချဘောဂဗေဒ)