
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ၇ ရက် မှ ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၄၇၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၈၄ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က ၅၈ တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။အလားတူမြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အဆိုပါရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၃၈၄၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၃၅ တန်ခွဲကို ထိုင်းနိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တန် ၃၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၅ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာနိုင်ငံမှ လက်ဖက်သည် အင်အားကြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားတွင်ရှိသဖြင့် စပ်မျိုးများဖြစ်ကြောင်း၊ သဘာဝအတိုင်းဖြစ်နေသော စပ်မျိုးဖြစ်တာကြောင့် အနံ့အရသာ ထူးခြားချက်မှာ အားသာချက်တစ်ခုဖြစ်နေ၍ ဂျာမနီနိုင်ငံမှ ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိပါတယ်။
မော်မော်အောင်