Main menu

Background

တရုတ်ယွမ်ငွေကြေး ကမ္ဘာ့ဈေးကွက်ဝင်လာမှုကြောင့် ဗီယက်နမ်စီးပွားရေးကို ဂယက်ရိုက်ခတ်နိုင်

Wed, 10/12/2016 - 14:12 -- journal_editor

        တရုတ်ယွမ်ငွေကြေးသည် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ အရန်ငွေကြေး အုပ်စုတွင် ပါဝင်လာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘဏ္ဍာရေးဈေးကွက်ကို ဂယက်ရိုက်ခတ်မှုရှိခဲ့ရာ ဗီယက်နမ် နိုင် ငံ လည်း ထိုအခြေအနေမှ လွတ် ကင်းမှုမရှိဘဲ ပါဝင်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ အိုင်အမ်အက်ဖ်မှ ထုတ်ပေးသော ချေးငွေကို လက်ခံရယူရာတွင် အိုင်အမ် အက်ဖ်၏ အထူးထုတ်ယူခွင့် (အက်စ် ဒီအာ) စာရင်းဝင် ငွေကြေးများအဖြစ် အမေရိကန်ဒေါ်လာ၊ ယူရို၊  ယန်းနှင့် ဗြိတိသျှ  စတာလင်ပေါင်တို့နှင့်အတူ ယွမ်ငွေကြေးသည်လည်း အောက်တိုဘာ ၁ ရက်မှ စတင်ပါဝင်လာခဲ့သည်။
       ဤကဲ့သို့ အက်စ်ဒီအာ ငွေကြေးအုပ်စုတွင် ယွမ်ငွေကြေး ပါဝင်လာခြင်းဖြင့် ဗီယက်နမ်စီးပွားရေးအပေါ်တွင် အပြုသဘောနှင့် အပျက်သဘောဂယက် ရိုက်ခတ်မှု နှစ်ခုစလုံး ခံစားလာနိုင်ဖွယ် ရှိကြောင်း စီးပွားရေးပညာရှင် ငုယင် မင်းဖောင်က ပြောသည်။ တရုတ်ယွမ်ငွေကြေးကို လူကြိုက် ပိုများလာပြီးငွေကြေးတန်ဖိုး ပိုမိုတည် ငြိမ်ကာ ခိုင်မာမှုရှိလာမည်ဆိုပါက ဗီယက်နမ် နှင့် တရုတ် စီးပွားရေး လုပ်ငန်းများသည် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှု များ ပြုလုပ်ရာတွင် ဒေါ်လာ ငွေကြေးကို သုံးစွဲရန်လိုတော့မည် မဟုတ်ပေ။ ဤကဲ့သို့ ပြောင်းလဲမှုကြောင့် နှစ်နိုင်ငံ ငွေပေးချေမှုနှင့် ကုန်သွယ်မှု ဆက်ဆံရေးများတွင်လည်း တည်ငြိမ်မှု ရရှိလာနိုင်သည်။
          သို့သော်လည်း ယွမ်ကို အရန်ငွေ ကြေးအဖြစ်ထားရှိမှု မြင့်မားလာမည်ဆိုပါက ဗီယက်နမ်ငွေကြေး မူဝါဒချ မှတ်ရာတွင် တရုတ်နိုင်ငံက လွှမ်းမိုးလာမည်ကိုဖောင်က စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများမှာ  ရှယ်ယာများကို ထုတ်ဝေရောင်းချရန် စီစဉ်ထားပြီး ဖြစ်သဖြင့် ဗီယက်နမ်ကုမ္ပဏီ ရှယ်ယာ အများစုကို တရုတ်တို့က ဝယ်ယူလာမည်ကိုလည်း သူကစိုးရိမ်မိသည်။ ထို့ကြောင့် ဗီယက်နမ် နိုင်ငံခြား အရန်ငွေကြေး တွင် ယွမ်ငွေကြေး အချိုးအစား ပါဝင်မှုအချိုးကို စိစစ်ထိန်းသိမ်းရန် ဖောင်က တိုက်တွန်းသည်။ သို့သော်လည်း အိုင်အမ်အက်ဖ် အထူးထုတ်ယူခွင့် ငွေကြေးတွင်ပါဝင်မှုကြောင့် ရေတိုတွင် ဗီယက်နမ် ကုန်သွယ်မှုကို ထိခိုက်နိုင် ဖွယ် မရှိကြောင်း ဗီယက်နမ်သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်း ရှင်များက ပြောသည်။

 

ဉာဏ်တင်