Main menu

Background

ထိုင်းဆန်ကို အီးယူက ပထဝီဝင်ဆိုင်ရာ ထူးခြားချက် အသိအမှတ်ပြုလက်မှတ် ထုတ်ပေး

Thu, 10/20/2016 - 15:35 -- journal_editor

       ထိုင်းနိုင်ငံ ဖတ်သလန်ပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်သော ဆန်အမျိုးအစားတစ်ခုဖြစ်သည့် ဆန်းယွတ် (Sung Yod) ဆန်ကို ဥရောပသမဂ္ဂ (EU) က ပထဝီဝင်ဆိုင်ရာ ထူးခြားချက် (Geographical Indication) အဖြစ် အသိအမှတ်ပြုလက်မှတ်ကို မကြာသေးမီက ထုတ်ပေးခဲ့ကြောင်းနှင့် ဤသို့ အသိအမှတ်ပြုခံရခြင်းမှာ ကြီးမားသော အသိအမှတ်ပြုခံရခြင်း ဖြစ်ပြီး ဈေးကွက်တွင် အလားအလာကောင်းများ ပိုမိုတွေ့ရှိနိုင်ကြောင်း နေးရှင်း သတင်း စာတွင် ဖော်ပြသည်။ ဤ အသိအမှတ်ပြုလက်မှတ်သည် နိုဝင်ဘာ ၁ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။
      "ဆန်းယွတ်ဆန်ကို အီးယူက အသိအမှတ်ပြု လိုက်ပြီး နောက်ပိုင်း အီးယူနဲ့ကမ္ဘာ့ဈေးကွက်မှာ ဒီဆန်ရဲ့တန်ဖိုးမြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒီဆန်နဲ့ပတ်သက်ပြီး ထိုင်းလယ်သမားနဲ့ ကုန်သည်တွေ ဝင်ငွေ မြင့်မားလာမှာဖြစ် သလို နာမည်ကောင်းလည်း ရရှိမှာ ဖြစ်ပါတယ်"ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး အပီရာဒီတန်ထရာပွန်က အောက်တို ဘာ ၁၃ ရက်က ပြောသည်။ အီးယူမှ GI အသိအမှတ်ပြု လက်မှတ်ရရှိသည့် ထိုင်း ကုန်ပစ္စည်းများအနက် ဆန်းယွတ်ဆန်သည် စတုတ္ထမြောက်ရရှိခြင်းဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်က ဟုမ်မလီသန် ကူလာရွန်ဟိုင်စပယ်ဖြူဆန်ကို အသိ အမှတ်ပြုခဲ့ပြီး လွန်ခဲ့သည့်နှစ်က ဒွိုင်ချန်းနှင့် ဒွိုင်တမ်း ကော်ဖီတို့ကိုလည်း GI ထုတ်ကုန်များအဖြစ် အသိအမှတ်ပြုခဲ့သည်။ ယင်းကဲ့သို့ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ၏ တရားဝင်ဂျာနယ်တွင် အောက်တိုဘာ ၁၃ရက်က ဖော်ပြခဲ့သည်။ ထိုင်းဆန် တင်ပို့သူများသည် လာမည့်လမှ စ၍ ဥရောပသို့ တင်ပို့ မည့် ဆန်အိတ်များတွင် Sung Yod ဟူသော  လိုဂို အမှတ်အသားကို ဖော်ပြနိုင်တော့မည်။
       GI ဆိုသည်မှာ မြို့တစ်မြို့၊ ပြည် နယ်တစ်ခု၊ ဒေသ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ စသည့် တစ်စုံတစ်ခု သော ပထဝီဝင်ဒေသ  သို့မဟုတ်  ပင်ရင်းဒေသ၏ သီးခြားလက္ခဏာ သို့မဟုတ် အမည်ကို ဖော်ပြပေးခြင်း ဖြစ်သည်။ဤ အသိအမှတ်ပြုလက်မှတ်သည်  ထုတ်ကုန်တွင်ပါရှိသော အရည်အသွေးများကို ညွှန်းဆိုလျက် ရှိပြီး ဤထုတ်ကုန်ကို ဒေသအစဉ်အလာအတိုင်း ထုတ် လုပ်ထားကြောင်း အသိအမှတ်ပြုပေးခြင်းဖြစ်သည်။ ပထဝီဒေသ၏ နာမည်ေ ကာင်းတစ်ခုကို ဖော်ပြသော အမှတ်အသားတစ်ခုလည်း ဖြစ်သည်။ ဆန်းယွတ်ဆန်ကို ဘန်တက်တောင်နှင့် ဆုံကလာရေကန်အနီးရှိ ဖတ်သလန်ပြည်နယ်တွင်သာ စိုက်ပျိုးခြင်းဖြစ်သည်။ ဆန်အနီရောင်မှာ ထူးခြားပြီး အာဟာရ တန်ဖိုးလည်း မြင့်မားသည်။ ထိုင်းနိုင်ငံ ပြည်တွင်း၌ ဆန်းယွတ်ကို GI အဖြစ် ၂၀၀၆ခုနှစ် မတ်လကတည်း က အသိအမှတ်ပြုထားခဲ့သည်။ GI လက်မှတ်မရမီက ဆန်တစ်ကီလိုကို ဘတ် ၅၀ သာရှိခဲ့ရာမှ အသိအမှတ်ပြု ခံရပြီး ချိန်မှစပြီး တစ်ကီလိုကို  ဘတ် ၈၀ မှ ၉၀ အထိ ရရှိခဲ့သည်။ ယခင်နှစ်က ဆန်းယွတ်ဆန်ထုတ်လုပ်မှုမှာ ၇၇၀၃ တန် ဖြစ်သည်။

 

ဉာဏ်တင်