Main menu

Background

အိန္ဒိယသရက်သီးများ တောင်ကိုရီးယားတွင် ဈေးကွက်ရရှိ

Thu, 06/08/2017 - 11:37 -- journal_editor

        "အသီးများ၏ဘုရင်" ဟုတင်စားခေါ်ဝေါ်သော အိန္ဒိယ သရက်သီးသည် မေ ၂၈ ရက်တွင် ကုန်ဆုံးသော ရက်သတ္တပတ်ကုန်ဆုံးချိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း ယွန်းဟပ် သတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံ ဟိုဒ္ဒရာဘတ် မင်ဇီလေကြောင်း ကုန်စည်ဌာန၏ဆောင်ရွက်ချက်ဖြင့် သရက်သီး ၂ ဒသမ ၅ တန်ကို ရာဂျစ်ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်ကိုရီးယားနိုင်ငံသို့ ပထမဦးဆုံး အကြိမ် အဖြစ် ပို့ဆောင် ပေးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့  သရက်သီးများ တင်ပို့နိုင်ရေးအတွက် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တောင် ကိုရီးယားသံအမတ် ချိုဝှန်က ၂၀၁၆ ၊ ဇွန်လအ တွင်းက ပြုလုပ်သော  ဟိန္ဒူ ဘိဇနက်လိုင်းသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
        "ပုံမှန်အားဖြင့် ဖိလစ်ပိုင် နိုင်ငံရဲ့ သရက်သီးတွေက ဈေးကွက်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။ ဈေးကွက်ထဲကို မှန်မှန်ကန်ကန် ဝင်ရောက် နိုင်မယ်ဆိုရင် တောင်ကိုးရီးယားနိုင်ငံမှာ အိန္ဒိယသရက်သီးတွေ အတွက် ဈေးကွက်ကြီးကြီးမားမား ရနိုင်ပါတယ်။ ဖိလစ်ပိုင် သရက်သီးတွေ က ဈေးသက်သာပေမယ့် ဈေးနှုန်းက ပြဿနာ မဟုတ်ပါဘူး" ဟု ဆိုးလ်မြို့ တွင် အခြေချနေထိုင်သူ အိန္ဒိယနွယ်ဖွား ရမ်ဂါရီကာပက်တီက ပြောသည်။
အိန္ဒိယနိုင်ငံက နှစ်စဉ်တင် ပို့လျက်ရှိသော သရက်သီးပမာဏမှာ တန်ချိန် ၄၅၀၀ ရှိသည်။ အိန္ဒိယ သရက်သီးကို အဓိကအားဖြင့် အနောက် အာရှ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန်တို့ သို့ တင် ပို့သည်။ ဂျပန်၊ တောင်အာရှနိုင်ငံများနှင့် အီးယူသို့ တင်ပို့ရာတွင် သွင်းကုန်ပြဿနာများကြောင့်  အနည်းငယ်သာ တင်ပို့လျက်ရှိသည်။
        လေဆိပ် လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော  ဂျီအမ်အာရ် ဟိုဒ္ဒရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်လီမိတက် (GHIAL) နှင့်  ဟိုဒ္ဒရာဘတ် မင်ဇီလေဆိပ် ကုန်စည်ဌာနတို့ ပူးပေါင်းပြီး ထုတ်ပိုးရေး၊ ဈေးကွက် ဖန်တီးရေး၊ အတည်ပြုချက် ထောက်ခံစာများရရှိရေးနှင့် အိန္ဒိယ သုဗာနာရက်ခါအမျိုးအစား သရက်သီးများအား တောင်ကိုရီးယားသို့ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။