Main menu

Background

ရောင်းလိုအားမြင့်တက်မှုကြောင့် ရေနံစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

Thu, 06/15/2017 - 10:29 -- journal_editor

         ထုတ်လုပ်မှုကို ပြန်လည်ထိန်းချုပ်ထားခြင်းဖြင့် ရေနံတင်ပို့သောနိုင်ငံ များအဖွဲ့(အိုပက်) က ဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက် ရှိသော်လည်း ရေနံစိမ်းရောင်းလိုအား ဆက်လက်မြင့်တက်နေသည်ကို တွေ့ရသည့်အတွက် ဇွန် ၉ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်းလျက် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘရင့်ရေနံစိမ်း ကြိုရောင်းဈေးနှုန်းများမှာ ဇွန် ၉ ရက်ဂရင်းနစ်စံတော် ချိန် နံနက် ၃၉ မိနစ်က တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၇ နှုန်းသို့ရောက်ရှိခဲ့ရာ ယမန်နေ့ဈေးပိတ်ချိန်က ဈေးနှုန်းအောက် သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိုပက်အဖွဲ့က ခေါင်းဆောင်ပြီး ရေနံထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ် ပထ မသုံးလပတ်အထိ လျှော့ချ ထားရန် ဆုံးဖြတ်ခဲ့သည့် မေ ၂၅ ရက်က အဖွင့်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခု ဈေးနှုန်းသည် ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။အမေရိကန်ပြည်ထောင်စု အနောက်တက္ကဆပ်ရေနံစိမ်း (West Texas Intermediate - WTI) ၏ ကြိုရောင်းဈေးမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၄၄ နှုန်းသို့ ရောက်ရှိခဲ့ရာ ဇွန် ၈ ရက်ဈေးပိတ်ချိန်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၄ ရာခိုင်နှုန်းကျဆင်းပြီး မေ ၂၅ ရက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ရေနံအရန်သိုလှောင်မှုမှာ  ယခုရက်သတ္တပတ်တွင် စည် ၅၁၃ ဒသမ ၂ သန်းထိရောက်ရှိခဲ့ကြောင်း စွမ်းအင်သတင်း အချက် အလက် ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Energy Information Administraion -EIA) မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ရေနံစိမ်းလက်ကျန်များ မြင့်တက်လာရခြင်းမှာ အမေရိကန်ရေနံစိမ်း ထုတ်လုပ်မှုမြင့်တက် လာခြင်းက တစ်စိတ်တစ်ပိုင်းအားဖြင့်ပါဝင်သည်။ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုမှာ ၂၀၁၆ ခုနှစ် နှစ်လယ်က ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်ကိုစည် ၉ ဒသမ ၃ သန်းအထိ ရောက် ရှိခဲ့သည်။ လာမည့်နှစ်တွင် တစ်ရက်ကိုစည် ၁၀ သန်းအထိ စံချိန်တင် ထုတ်လုပ်နိုင်မည်ဟု EIA က ခန့်မှန်းထားရာ ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှုတွင် ထိပ်တန်း နေရာကို ရောက်ရှိနေသော ဆော်ဒီအာရေးဘီးယားနိုင်ငံကို စိန်ခေါ် လာနိုင်သည်။

 

ဉာဏ်တင်