Main menu

Background

ဗီယက်နမ်ရော်ဘာကုမ္ပဏီများက လာအိုနိုင်ငံတွင် ရော်ဘာပင်များ စိုက်ပျိုးသွားမည်

Fri, 12/08/2017 - 11:25 -- journal_editor

         ဗီယက်နမ်နိုင်ငံ ရော်ဘာအုပ်စု (Vietnam Rubber Group-VRG) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Quang Tri Rubber Co.,  Ltd. သည် လာအိုနိုင်ငံ တွင် ရော်ဘာစိုက်ခင်းများ ထူထောင်သွားမည်ဖြစ် ကြောင်း ဗီယက်နမ် သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်ကုမ္ပဏီသည် လာအိုနိုင်ငံ၊ Saravane ပြည်နယ်ရှိ မြေဧရိယာဟက်တာ ငါးရာတွင် ရော်ဘာပင်များ စိုက်ပျိုးသွားမည်ဖြစ်ပြီး ရော်ဘာ ကုန်ချောထုတ်လုပ်သည့်စက်ရုံကိုပါ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။
         အဆိုပါစီမံကိန်းအတွက် နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၉ ရက်က လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ပြုလုပ်ခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီသည် အဆိုပါစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး နှစ်ပေါင်း ၃၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး Khamlien Phonsena က ဗီယက်နမ် နိုင်ငံမှ ရော်ဘာ ပင်များ လာရောက်စိုက်ပျိုးမည့် စီမံကိန်းကို ကြိုဆိုပါကြောင်း၊ ယင်းစီမံကိန်းသည် ဒေသတွင်းရှိ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည့်အပြင် ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချပေးနို င်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဒေသတွင်းမှ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းသစ်များ အများအပြား ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
       ယင်းစီမံကိန်းသည် ဗီယက်နမ်-လာအို နှစ် နိုင်ငံ သွေးစည်းညီညွတ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ၂၀၁၇ ဟူသည့် ခေါင်းစဉ်အောက်တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို  အကောင် အထည်ဖော်ဆောင်ရွက်မည့် Quang Tri Rubber Co. Ltd. အနေဖြင့် လာအိုနိုင်ငံ၏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး  ဥပဒေနှင့် လာအိုအစိုးရ၏ လမ်းညွှန်ချက်ဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာများ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး Khamlien က ပြောကြားခဲ့သည်။ ဗီယက်နမ်ရော်ဘာကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဗန်လုက ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခွင့်ရရှိသည့်အတွက် လာအိုအစိုးရကို အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ လာအိုနိုင်ငံမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
 

 

မယ်သီတာ