Main menu

Background

စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ခုနှစ်များအတွက် စင်ကာပူ၏ GDP တိုးတက်မှုနှုန်းများ ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်

Thu, 12/05/2019 - 15:10 -- journal_editor

      စင်ကာပူ၏ စီးပွားရေးအခြေအနေ သည် ၂၀၁၉ ခုနှစ်၊ တတိယ သုံးလပတ် တွင် ကြိုတင်ခန့်မှန်းထားမှုထက် ပိုမို တိုးတက် ကောင်းမွန်လာသောကြောင့် ၂၀၁၉ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် GDP တိုးတက်မှုနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟု ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁  ရက်တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနက ပြန်လည်အတည် ပြု၍ ထုတ်ပြန်ခဲ့သည့်စာရင်းအရ စင်ကာပူ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ပထမ သုံးလပတ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ် တွင် သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် တတိယသုံးလပတ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်း ပေါ်ပေါက်ခဲ့သည်။

       ၂၀၁၉ ခုနှစ်၊ တတိယ သုံးလပတ် တွင် ဖြစ်ပေါ်ခဲ့သည့် GDP တိုးတက်မှု နှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းသည် ပြင်ပ စီးပွားရေးပညာရှင်များ၏ ကြိုတင် ခန့်မှန်းချက် သုည ဒသမ ၄ ရာခိုင်နှုန်း ထက်    သာလွန်ကောင်းမွန်ခဲ့သည်။ ထို့ပြင် နှစ်အတွင်း သုံးလပတ်အလိုက် နှိုင်းယှဉ်မှုစာရင်းအရ ဒုတိယ သုံးလပတ် တွင် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ မှ တတိယသုံးလပတ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာသည့် အတွက် စင်ကာပူ၏ နည်းပညာဆိုင်ရာ စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲနိုင်ပြီ ဖြစ်ကြောင်း ပြင်ပစီးပွားရေးပညာရှင် များက   သုံးသပ်ကြသည်။   တတိယ သုံးလပတ်အတွင်း အီလက်ထရွန်နစ် ကဏ္ဍတွင် ထုတ်လုပ်မှုကျဆင်းခဲ့သော် လည်း   ဇီဝဆေးဝါးနှင့်   လေယာဉ်/ အာကာသယာဉ် ထုတ်လုပ်မှုကဏ္ဍများ ၌ တိုးတက်မှုရှိခဲ့သည်။ ၂၀၂၀ ခုနှစ် တွင် ဆက်သွယ်ရေးကိရိယာများနှင့် စမတ်ဖုန်းများတွင် 5G နည်းပညာများ အသုံးပြုလာခြင်းနှင့် ကမ္ဘာ့အီလက် ထရွန်နစ်ပစ္စည်း ထုတ်လုပ်မှုကွင်းဆက် ပြန်လည် ကောင်းမွန်လာခြင်းတို့ကြောင့် အီလက်ထရွန်နစ်ကဏ္ဍ၏ ထုတ်လုပ် မှုသည် တဖြည်းဖြည်း တိုးတက်လာမည် ဟု သုံးသပ်ကြသည်။  

     ၂၀၂၀ ခုနှစ်အတွက် စင်ကာပူ၏ GDP တိုးတက်မှုနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်း အကြား တိုးတက် နိုင်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ အဓိကဈေးကွက် များဖြစ်သော အမေရိကန်နှင့် တရုတ် တို့၏ ဝယ်လိုအား တိုးတက်လာဖွယ် ရှိ သော်လည်း အမေရိကန်နှင့် တရုတ်၏ ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်ရန် သေချာမှုမရှိသေးသည့် အခြေအနေ၊ Brexit ၊ ဟောင်ကောင်၏ နိုင်ငံရေး အကြပ်အတည်းနှင့် အရှေ့အလယ်ပိုင်း ဒေသများ၏ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု အခြေအနေများသည် စင်ကာပူ ၏စီးပွားရေးတိုးတက်မှုအပေါ် ဖိအားများဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြတ်နိုး