Main menu

Background

ဖန်လုံအိမ်ဓာတ်ငွေ့က ကမ္ဘာ့သမုဒ္ဒရာ ရေစီးကြောင်းအရှိန်ကို မြင့်တက်စေ

Fri, 02/21/2020 - 14:20 -- journal_editor

      ကမ္ဘာ့သမုဒ္ဒရာ ရေစီးကြောင်း အရှိန်မြင့်တက်မှုတွင် ဖန်လုံအိမ်ဓာတ် ငွေ့ ထုတ်လွှတ်မှုများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တရုတ်သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ ရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေး သားဖော်ပြထားသည်။ အဆိုပါ သုတေသနအဖွဲ့မှာ တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၊ အဏ္ဏဝါဗေဒသိပ္ပံဌာနမှ အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်တစ်ခုအရ လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာ့သမုဒ္ဒရာ ရေစီးကြောင်းမှာ ပျမ်းမျှအားဖြင့် သိသိသာသာ အရှိန်မြင့်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ပုံစံ အသစ်  ဖြစ်ပေါ်စေသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ဖော်ပြထားခြင်းလည်း ဖြစ်သည်။

      တရုတ်သုတေသီများက သမုဒ္ဒရာရေစီးကြောင်းနှင့် ပင်လယ်ရေမျက် နှာပြင် လေတိုက်နှုန်းဆိုင်ရာ အချက်အလက်များစွာကို ပေါင်းစည်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတိုင်းတာချက်တစ်ခုဖြင့် သမုဒ္ဒရာရေစီးကြောင်းပြောင်း လဲမှု လေ့လာဆန်းစစ်ခြင်းများအား တရုတ်သုတေသီများက ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ လေမှာ သမုဒ္ဒရာရေစီးကြောင်း၏  အဓိကစွမ်းအား အရင်းအမြစ် ဖြစ်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ လေတိုက်နှုန်းမြင့်တက်လာခြင်းမှာ ပျမ်းမျှအားဖြင့် ကမ္ဘာ့ရေစီးကြောင်းအရှိန်ကို မြင့်တက်စေကြောင်း အဏ္ဏဝါ ဗေဒသိပ္ပံဌာနမှ သုတေသီတစ်ဦးဖြစ်သူ ဟူစီကျန့်က ပြောကြားခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် ဟူစီဂျန့်က ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ မြင့်တက်လာ ခြင်းကြောင့် ပျမ်းမျှအားဖြင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် လေတိုက်နှုန်းမှာ သိသိသာသာ  မြင့်တက်လာခဲ့ကြောင်း၊ ယင်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့က သမုဒ္ဒရာရေစီးကြောင်း မြင့်တက်မှုအတွက် အဓိက  အကြောင်းပြချက်ဖြစ်သည်ကို ပြသနေကြောင်း ထပ်မံပြောကြားခဲ့သည်။ 

 

မြသဲ