Main menu

Background

ကနီမြို့နယ် တဇယ်ချောင်ကျေးရွာမှာ ဆီးစိုက်ပျိုးသူများ အစုအဖွဲ့ဖွဲ့စည်း

Thu, 06/25/2015 - 19:15 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် ခရိုင်၊ကနီမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆီးစိုက်ပျိုးဧက ၆၈၇၃ ရှိပြီး၊ တတိယအများဆုံး  ဆီးစိုက်ပျိုးထုတ်လုပ်ရာဒေသ  ဖြစ်ပါတယ်။  ဒေသခံတောင်သူတွေ အနေနဲ့ ဆီးခြံ များ တွင် ရာသီအလိုက် ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်တို့ကို သီးညှပ်အဖြစ် စိုက်ပျိုး ခဲ့ကြသလို ဆီးပွင့်ရာသီမှာ မွေးမြူရေး ပျားအုံ များ အငှားချထားခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြတာ တွေ့ရပါတယ်။ဒေသထွက် ဆီးသီးခြောက်ကို ပြည်ပ ပို့ကုန်အဖြစ် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ထုတ်လုပ်လျက်ရှိပြီး တရုတ်ပြည်ဈေးကွက်ကို အားပြုတင်ပို့ခဲ့ကြတာ တွေ့ရပါတယ်။ ယခု အခါမှာ တရုတ်ဝယ်လက်ရဲ့ ဝယ်လိုအား ကျဆင်းမှုကြောင့် ဆီးသီးခြောက်တစ်ပိဿာ ၈၀ ကျပ်သာပေါက်ဈေးရှိသဖြင့်    ဒေသခံ တောင်သူတွေအနေနဲ့ ဆီးစိုက်ပျိုးမှုအပေါ် စိတ်ဝင်စားမှုလျော့လာပြီး ဆီးပင်များခုတ်ကာ ယာခင်းပြုပြင်မှုတွေများပြားလာတယ်လို့ တောင်သူတွေက ဆိုပါတယ်။  ကုန်သွယ်မှု မြှင့်တင်ရေးနှင့်   စားသုံးသူ ရေးရာဦးစီးဌာန အနေနဲ့ နှစ်ရှည်သီးနှံဖြစ်တဲ့ ဆီးစိုက်ခင်းများ လျော့ပါးမသွားစေရေး ဈေးကွက်ခိုင်မာစေ ရေး၊ ဆီးသီးခြောက်များအား   တန်ဖိုးမြှင့် ထုတ်ကုန် value aded ထုတ်လုပ်နိုင် မယ့် နည်းပညာရရှိရေး၊   လိုအပ်တဲ့ အရင်းအနှီး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ချိတ် ဆက်ပေးနိုင်ရေးအတွက် ဆီးစိုက်တောင်သူ တစ်စုတစ်ဝေးတည်းဖြစ်အောင် ဆီးစိုက်ပျိုး ထုတ်လုပ်သူများအစုအဖွဲ့အဖြစ် ကနီမြို့ နယ် တဇယ်ချောင်ကျေးရွာနဲ့ ရှမ်းမြောင်း ကျေးရွာ တို့ကို ယင်းမာပင်ခရိုင် ဦးစီးမှူး ဦးသန်းပိုနှင့် ကနီမြို့နယ် တာဝန်ခံဦးလှမိုးတို့ က ဇွန်လ ၁၇ ရက်နေ့က သွားရောက်ဖွဲ့စည်း ပေးခဲ့တယ်လို့ သိရပါတယ်။
ဆီးစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ ကို  တဇယ်ချောင်ကျေးရွာမှာ အဖွဲ့ဝင် ၄၀ ဦး ကို အလုပ်အမှုဆောင် ၅ ဦးဖြင့်လည်းကောင်း၊ ရှမ်းမြောင်းကျေးရွာမှာ အဖွဲ့ဝင် ၁၅ ဦးကို အလုပ်အမှုဆောင် ၅ ဦးဖြင့်လည်းကောင်း ဖွဲ့ စည်းပေး ခဲ့ကြပြီး ဆီးသီးခြောက်ဈေးကွက် ခိုင်မာရေး၊ သီးညှပ်အဖြစ် လျှော်ဖြူပင်ကို နှစ်ရှည်သီးနှံအဖြစ် အစားထိုး စိုက်ပျိုးနိုင်ရေးနဲ့ နည်းပညာနဲ့ အရင်းအနှီးလိုအပ်ချက်များ ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ပွင့်လင်း စွာ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ထွန်းလှိုင် - မုံရွာ