Main menu

Background

လာပြီ လာပြီ ကြက်သွန်နီ

Tue, 07/07/2015 - 20:47 -- journal_editor

ယောချောင်း၊ ကျောချောင်း ဧရာဝတီမြစ်ကမ်းနံဘေး တစ်လျှောက် ချောင်းရေမြစ်ရေကျ ချိန်မှာ ပေါ်ပေါက်လာတဲ့   သဲနုန်းမြေတွေပေါ်မှာ စိုက်တဲ့ကြက်သွန်နီကို တောင်သူတွေက ဆောင်းစိုက်  ချောင်းစိုက် ကြက် သွန်နီလို့ ခေါ်ကြပါတယ်။ ချောင်းစိုက်  ကြက်သွန်နီဟာ  ဧပြီလမှာ စတင် ပေါ်ပေါက်ပါတယ်။ ဒေသအခေါ် လှောင်လို့ရတဲ့ ကြက်သွန်နီလို့ခေါ် ပါတယ်။ မိုးတွင်းကာလမှာ စိုက်တဲ့ '' ဥ '' စိုက်ကြက်သွန်နီများ ဒေသအခေါ် မိုးတွင်းကာလမှာ မျိုးကြက်သွန်ဥကို  စိုက်တဲ့ကြက်သွန်နီတွေဟာ ဆောင်း စိုက်ချောင်းစိုက်ကြက်သွန်နီတွေ  ကုန်ခါနီးမှာ ကြားဖြတ်ပေါ်လာပေမယ့် အလှောင်မခံ၊ အထားမခံတဲ့ ကြက်သွန်နီပါ၊
ဆောင်းစိုက်  ကြက်သွန်နီအကုန်   ထပ်မံစိုက်လို့ မထွက်မီ မိုးစိုက် ကြက်သွန်က အလှောင်အထားမခံပေမယ့် ကြားထဲမှာ ကြက်သွန်နီမပြတ် စေတဲ့သဘောဖြစ်တာကြောင့်   သူလည်းပဲ သူ့တန်ဖိုးတော့သူရှိပါတယ်။ ဆောင်းစိုက်၊ ချောင်းစိုက် ကြက်သွန်နီတွေကတော့ သိုလှောင်တဲ့ နေရာမှာ ကြာရှည်နှစ်ပေါက်သိုလှောင်လို့   ရပါတယ်။ ဒါပေမယ့် ကုန်စိမ်းသဘာ၀ အလျော့ဆိုတာတော့ ရှိတတ်တာပါပဲ။
ယခုနှစ်ရဲ့ ဆောင်းစိုက်ကြက်သွန်နီ ဧပြီလမှာ ဈေးကွက်စတင်ဝင် ရောက်ချိန်က ဈေးနှုန်းတွေအနေနဲ့ ထိပ်စတစ်ပိဿာ ၂၇၅ ကျပ်၊ လတ်စ တစ်ပိဿာ ၂၅၀ ကျပ်၊  အောက်စ တစ်ပိဿာ ၇၀ ကျပ်ကနေ စဖွင့်ပြီး၊ ဧပြီလနောက်ပိုင်း ထိပ်စ ၃၇၅ ကျပ်၊ လတ်စ ၃၅၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်ဈေးများမြောက်ခဲ့ပါတယ်။ မေလမှာ ထိပ်စ ၃၈၅၀ ကျပ်၊ လတ်စ ၃၅၀ ကျပ်၊ အောက်စ ၂၅၀ ကျပ်ထိ ဈေးနှုန်း ဆက်တိုက်မှန်မှန်ဆိုသလို တက်လာ ခဲ့ပါတယ်။
ကုန်ပစ္စည်းတစ်ခုဟာ ဈေးကွက်ရဲ့လိုအပ်ချက်၊ တောင်းဆိုမှု၊ ထွက်ရှိ မှု၊ အထွက်နည်းမှု၊ များမှု စသည့်အလားအလာတွေ ခြုံငုံပြီး တက်ဈေးကျ ဈေးဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီနှစ်အဖို့ ကြက်သွန်နီ အနေနဲ့ ဈေးကွက် ဖွင့်စမှာ ဈေးနှုန်းနည်းပေမယ့် ပြည်ပနိုင်ငံတွေရဲ့ဝယ်လိုအားကောင်းပြီး နှုတ်အားများလာခဲ့သလို ဈေးနှုန်းများလည်း မြင့်တက်လာခဲ့တဲ့အတွက် ကိန်းဂဏန်းကပြောသော ကြက်သွန်နီရယ်လို့   ကောမတ်စ်ဂျာနယ်မှာ တင်ပြခဲ့ဖူးပါတယ်။
ဒါကလည်း အရောင်းအဝယ်ရဲ့ ဖြစ်တတ်တဲ့သဘောတရားတစ်ခုလို့ ပြောရမှာပါ။ ယခုနောက်ဆုံး ဈေးအနေအထားကတော့ ထိပ်စ တစ်ပိဿာ ၅၆၅ ကျပ်၊ လတ်စ ၅၂၅ ကျပ်၊ အောက်စ ၄၇၅ ကျပ် ဈေးများဖြစ်ပေါ်နေလေ တော့ ပြီးခဲ့တဲ့   နှစ်များနဲ့ယှဉ်ကြည့်ရင်   ကြက်သွန်နီဈေးဟာ အမြင့်ဆုံး ရောက်နေတယ်လို့   သုံးသပ်ရမှာပါ။
ပခုက္ကူဈေးတစ်ပတ်လည်မှာ လက်လီရောင်းချတဲ့ ဈေးသည်တွေက တော့ ကြက်သွန်နီ တစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ ၉၀၀ ကျပ်ဈေးတွေ ရောင်းနေတာကို  လေ့လာသိရှိရပါတယ်။ဧပြီလနောက်ပိုင်းမှာပေါ်တဲ့ ကြက်သွန်ဖြစ်တဲ့အတွက် ဧပြီ၊ မေ၊ ဇွန် သုံးလသာ   ရှိသေးတာကြောင့် တောင်သူလက်ကျန်ရှိနေတယ်လို့ သုံးသပ်ရပါတယ်။ ထားခဲ့ဖူးသော မှတ် တမ်းများအရ ပေါက်တစ်မြို့နယ်အတွင်းမှာ နှစ်စဉ် ဆောင်းစိုက်ကြက်သွန်နီ ပိဿာချိန် သိန်းရာကျော်ထွက်တာပါ။
ပခုက္ကူကို နေ့စဉ် အဝင်တွေအနေနဲ့ ပိဿာချိန် ငါးသောင်းနဲ့ တစ် သိန်းကြား တစ်ပတ်လည် ဝင်နေတာ ကိုလည်း တွေ့နေရပါတယ်။ အရောင်း အဝယ်ရဲ့သဘောက  ထွက်ရှိမှု၊ ဝယ်လိုအား ဆိုတာတွေကြောင့် ဈေးတက် တာရှိသလို မထင်မှတ်ဘဲ၊ ပုံမှန်မဟုတ်ဘဲ အခြားသော ပစ္စည်းများ ဈေး တက်လို့ လိုက်တက်တယ်ဆိုတဲ့ ပယောဂကြောင့်လည်း ဈေးတက်တာတွေ ရှိတတ်ပါတယ်။ ယခုအနေအထားမှာ ကြက်သွန်နီဈေး ဆက်တက် လိမ့်မယ် လို့ တွက်ဆသူတွေလည်းရှိနေတယ်လို့  လေ့လာရပါတယ်။ ဘယ်လိုပဲပြော ပြော ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ဈေးတွေနဲ့ယှဉ်ကြည့်ရင်ယခုနှစ် ကြက်သွန်နီ ဈေးနှုန်းဟာ အမြင့်ဘက်မှာ ရှိနေတာဆိုတော့ လာပြီ လာပြီ ကြက်သွန်နီလို့ ပြောနေကြကြောင်းပါ။
မြင့်ဦး-ပခုက္ကူ