Main menu

Background

ပွင့်လင်းရာသီဈေးကွက်တွင် ပြည်ပပို့ကုန် ပုသိမ်ထီး အရောင်းအဝယ်သွက်

Fri, 11/27/2015 - 17:50 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာ့လက်မှုရိုးရာ ပုသိမ်ထီးမှာ ယခုပွင့်လင်းရာသီတွင် အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာစွာရရှိထားသော ပုသိမ်ထီး များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်အသုံးပြုရန် ဝယ်ယူလျက်ရှိပြီး၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ စသည့် ကမ်းခြေဒေသများတို့မှလည်း အမှာစာများရရှိထား ကြောင်း ဈေးကွက်မှသိရပါတယ်။
ပုသိမ်ထီးဈေးကွက်မှာ အာရှမှ ဝယ်ယူသူများရှိသလို ဥရောပဈေးကွက် တွင် ပို၍လူကြိုက်များကြောင်း၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေသို့ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားများနဲ့  သီးသန့် လာရောက် လေ့ လာ ဝယ်ယူတဲ့ ပြည်ပနိုင်ငံသားများလည်းရှိကြောင်း၊ ပုသိမ်ထီးပြုလုပ်ရာတွင် ဒေသထွက်ကုန် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စများ အဓိကအသုံးပြုရပြီး ထီးဆိုက်မှာ အသေးလေးလက်မမှ ၂၀ လက်မအတွင်းနဲ့ ဆိုက်ကြီး လေးပေမှ ၁၀ ပေ၊ ၁၂ ပေအထိရှိကြောင်း၊ ထီးကိုအလှဆင်ရာတွင် ရှေးရိုးရာမပျက် ကနုတ် ပန်း ပန်းချီဖြင့် အလှဆင်ပြီး၊ ကနုတ်ပန်း ပန်းချီဒီဇိုင်းအမျိုးအစား ၁၀၀ ကျော် ခန့် ရေးဆွဲလျက် ရှေးခေတ်ရိုးရာ မပျက်ရေးဆွဲထားပြီး ထီးတစ်ခုလုံးကို လက်ဖြင့် သာပြုလုပ်ရသောကြောင့်    လက်မှုအနုပညာတစ်ခုအဖြစ်   ပြည်ပနိုင်ငံများမှ   စိတ်ဝင်တစားဝယ်ယူူကြိုက်နှစ်သက်မှုရှိကြောင်း ပုသိမ်မြို့တောရကျောင်း လမ်း ရွှေစာထီး လုပ်ငန်းရှင် ဦးမင်းနိုင်ကပြောပါတယ်။လက်ရှိ ရန်ကုန်မြို့ Frangi Paniကုမ္ပဏီမှတစ်ဆင့် ဂျာမနီနိုင်ငံ ဟမ်း ဘတ်သို့တင်ပို့ရန် ပုသိမ်ထီး အကြီးအသေးဆိုက်စုံ  အလက်ရေ လေးငါးရာခန့် ဝယ်ယူရန် အမှာစာရရှိထားကြောင်း ၎င်းင်းကဆက်လက် ပြောကြားပါတယ်

မင်းမင်းဦး-ပုသိမ်