Main menu

Background

ကသာခရိုင်ဆောင်းမြေပဲအထွက်နှုန်းကောင်းပြီး ဈေးကောင်းရ

Mon, 05/09/2016 - 15:51 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်၊ ကသာ၊ ထီးချိုင့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် နုန်းတင်လယ်ယာမြေ များမှာ မြေပဲအများ အပြားစိုက်ပျိုးထွက်ရှိတဲ့အပြင် ကျန်မြို့နယ်များဖြစ်တဲ့ အင်း တော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ် များမှာလည်း မဲဇာ၊ လေးတန်၊ ဒေါင်းယူးချောင်းများ နံဘေးနုန်းတင်လယ်ယာမြေပေါ် မြေပဲသီးနှံ  အများအပြား စိုက်ပျိုး ကြောင်း သိရပါတယ်။
ကသာခရိုင်မှာ ဆောင်းမြေပဲ စိုက်ဧက ၄၅၃၂၈ ရှိပြီး တစ်ဧကအထွက်နှုန်း  အတောင့်တင်း ၁၀၀ ကျော်နဲ့ ယနေ့ ပေါက်ဈေးအတောင့် တင်းတစ်ရာ ကျပ်ဆယ့်နှစ်သိန်းရှိလို့ အထွက်နှုန်းကောင်းပြီးဈေးကောင်းလည်း ရတယ် လို့ မြေပဲ ဈေး ကွက် က သိရပါတယ်။ဧပြီလအတွင်း ဧရာဝတီမြစ်ရေတိုးလာပြီး  ကသာမြို့ နယ်နဲ့ ထီးချိုင့်မြို့နယ်တို့မှာ မြေပဲခင်း ၂၅၀၀ ဧကကျော် ထိခိုက်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် ယခင်နှစ်အထွက်နှုန်းထက်  ပိုမိုထွက်ရှိလို့ ကသာခရိုင် အတွင်း မြေပဲသီးနှံထွက်ရှိမှု လျော့ကျမသွားဘူးလို့   သုံးသပ်ပါတယ်။ ကသာခရိုင်ထွက် မြေပဲဆန်က အလုံးအဆန်လှပြီး ဆီထွက်ကောင်းလို့ ဆီစက် လုပ်ငန်းရှင် များ အကြိုက်တွေ့တဲ့အပြင် မြေပဲဆားလှော် လုပ်ငန်း ၊ မြေပဲယိုလုပ်ငန်းများမှာပါ အသုံးများတယ်။ တစ် ခရိုင်လုံးအတွက် တင်းသိန်းငါးဆယ်ကျော် ရရှိနိုင်ပါတယ်။ ခရိုင်အတွင်းအသုံးပြုမှုက ၂၅ရာခိုင်နှုန်းသာ  ရှိနိုင်ပါတယ်။ ယနေ့မြေပဲဆီတစ်ပိဿာငါးထောင်ကျပ်ရှိလို့  ဆီစက်လုပ်ငန်း ရှင်လှောင်ကုန်သည်များ လက်ရှောင်နေပေမယ့် မန္တလေးပွဲရုံ များကတော့ အလုံးအရင်းနဲ့အဆွဲများနေတယ်လို့ ဆီစက် လုပ်ငန်းရှင်များအသင်းထံမှ သိရပါ တယ် ။ဆောင်းမြေပဲ စတင်စိုက်ပျိုးချိန် မျိုးမြေပဲဈေးကြီးမြင့် မှုနဲ့ ရေသွင်း စိုက်ပျိုးမှုများရှိခဲ့လို့  တစ်ဧကကုန်ကျစရိတ်  ကျပ် လေးသိန်းနီးပါး  ရှိခဲ့ပါတယ်။ တစ်ဧကအထွက်အတောင့် တင်း ၁၀၀ကျော်ထွက်ပြီး ယနေ့ပေါက်ဈေး   တစ်တင်း ကျပ် ၁၂၀၀၀ ဈေးနဲ့ရောင်းရတဲ့အတွက် ရှစ်သိန်းကျော် အကျိုး အမြတ်ရရှိပါတယ်။ ဒီနှစ်မြေပဲအထွက်နှုန်းနဲ့ဈေးက တောင်သူ အကြိုက်ဖြစ်ပါတယ်လို့  မြေပဲတောင်သူများထံမှ  သိရပါ တယ်။

ကြည်နိုင်ဦး/အင်းတော်