Main menu

Background

လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ အရောင်းပြေစာတွင် အခွန်တံဆိပ်မကပ်ထားမှုမှ ဒဏ်ငွေကျပ်သန်း ၆၀နီးပါးရရှိ

Tue, 10/08/2019 - 13:51 -- journal_editor

     လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် အရောင်းပြေစာတွင်  အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်မှုများအပေါ် ပြီးခဲ့သည့်ဇွန်လမှ စတင်ကာ ဒဏ်ငွေရိုက်အရေးယူလျက်ရှိရာ ယင်းဒဏ်ရိုက်မှုမှ သြဂုတ်လအထိ ကျပ်သန်း ၆၀ နီးပါးရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ ယင်းဌာနအနေဖြင့် ပြီးခဲ့သည့်  ဇွန်လမှစတင်၍ အဆိုပါပျက်ကွက်မှုများ အပေါ် ဒဏ်ငွေရိုက်အရေးယူခဲ့ရာတွင် သြဂုတ်လအထိ ဒဏ်ရိုက်မှု ၅၉၆ မှု ရှိခဲ့ပြီး ဒဏ်ကြေးငွေအနေဖြင့် ကျပ် ၅၉ ဒသမ ၇၆၂ သန်းခန့်ရရှိခဲ့ကြောင်း သိရ သည်။ ပြေစာပေါ်တွင် အခွန်တံဆိပ် မကပ်နှိပ်ခြင်းအား သတင်းပေးတိုင်ကြားလာသည့်အမှု  ၃၀ မှု ရှိခဲ့ပြီး ゞင်းတို့ကို ဆုကြေးငွေကျပ် ၁ ဒသမ ၄၈၀ သန်း ထုတ်ပေးခဲ့ကြောင်း   အဆိုပါဌာနမှ   ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။ ‘‘အတိုင်ခံရတာများ လာရင်တော့ လိုက်နာလာမှာပေါ့။ လိုက်နာလာအောင်လို့ ကို လုပ်ထားတာလေ။ စစချင်းတော့ ဒီလိုမျိုးရှိမှာပဲ”ဟု ဒေါ်ဆွေဆွေခိုင်က ပြောသည်။

    ထိုသို့ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၏ အရောင်းပြေစာပေါ်တွင် အခွန်တံဆိပ်ကပ်နှိပ်ပေးရန် အစီအစဉ် ကို ဇွန်လတွင် ကျင့်သုံးခဲ့ပြီး ဇူလိုင်လမှ စတင်ကာ ဟန်းဆက်ဘူးခွံပေါ်တွင်သာ   အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် အစီအစဉ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း သိရသည်။ယခုအောက်တိုဘာ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည့်၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေအရ  ယင်းဒဏ်ကြေးများမှာ ပိုမိုတိုးမြင့်လာမည်လည်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ပစ္စည်းများ၏ အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်  ပျက်ကွက်ပါက ပထမအကြိမ် ပျက်ကွက်လျှင် ဒဏ်ငွေကျပ်ငါးသိန်း၊ ဒုတိယအကြိမ်   ပျက်ကွက်လျှင်ကျပ် ၁၀ သိန်း၊ တတိယအကြိမ် ပျက်ကွက်လျှင် ၁၅သိန်းနှင့် တတိယအကြိမ်အထက် ပျက်ကွက်ခြင်းများအတွက် ကျပ်သိန်း ၂၀ နှုန်းဖြင့် ဒဏ်ကြေးတိုးမြှင့်အရေးယူသွား မည်ဖြစ်ကြောင်း ဒေါ်ဆွေဆွေခိုင်က ပြောသည်။

      ယခင်က တပ်ရိုက်ခဲ့သော ဒဏ်ကြေးများမှာမူ ပထမအကြိမ် ပျက်ကွက်လျှင် ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ပျက် ကွက်လျှင် ကျပ်ငါးသိန်း၊ တတိယအကြိမ် ပျက်ကွက်လျှင် ကျပ်ခုနစ်သိန်းနှင့် တတိယအကြိမ်အထက် ပျက်ကွက်မှုများကို ၁၀သိန်းနှုန်းဖြင့် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန် ငါးမျိုးမှ ယခုနှစ်သြဂုတ်လကုန်အထိ ကောက်ခံရရှိသည့်  ပမာဏသည် ယခင်နှစ်ကာလတူတွင် ကောက်ခံရရှိခဲ့ သည့် ပမာဏထက် ကျပ် ၅၆၂ ဘီလီယံကျော် ပိုမိုကောက်ခံရရှိထားကြောင်း သိရသည်။  ယမန်နှစ်က သြဂုတ်လကုန်အထိ ကျပ် ၅၂၇၉ ဒသမ ဝ၃၇ ဘီလီယံသာ ကောက်ခံရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၅၈၄၁ ဒသမ ၁၂၈ ဘီလီယံအထိ ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခွန်ငါးမျိုးတွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့မှ ယမန် နှစ်ကာလတူထက် အခွန်ကျော်လွန်ကောက်ခံရရှိခဲ့ပြီး  တံဆိပ်ခေါင်းခွန်မှာမူ ယမန်နှစ်အောက် ရောက်ရှိခဲ့ရာတွင် ပြီးခဲ့ သည့်နှစ် သြဂုတ်လကုန်က ကျပ် ၅၆ ဒသမ ၅ ဘီလီယံ ကောက်ခံရရှိပြီးဖြစ်သော်လည်း  ယခုနှစ် သြဂုတ်လကုန်တွင်မူ ကျပ် ၅၃ ဒသမ ၈၈၅ ဘီလီယံသာ ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။‘‘တံဆိပ်ခေါင်းခွန် အများဆုံးပေးသွင်းတဲ့ အိမ်၊ ခြံ၊မြေ အဆောက် အအုံ အရောင်းအဝယ်၊ လွှဲပြောင်းလုပ်ငန်းတွေကနေ လျော့နည်း ကောက်ခံရရှိခဲ့တာပါ”ဟု ဒေါ်ဆွေ ဆွေခိုင်က ပြောသည်။ ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍဍ နှေးကွေးခဲ့ခြင်း ကြောင့်အဆိုပါအခွန်အမျိုးအစားတွင် လျော့ နည်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု