Main menu

Background

အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများလိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်

Fri, 02/21/2020 - 13:27 -- journal_editor

      ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ  စာရင်းဝင်ကုမ္ပဏီများနှင့်  အစုရှယ်ယာရှင် ၁၀ဝ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာကို ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းသိရသည်။ ယင်း အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု နှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင် မည်ဖြစ်ကာ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင် ရွက်မည်ဖြစ်ကြောင်း ခေတ္တအကြံပေး ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောသည်။ " နိုင်ငံအတွင်းမှာရှိတဲ့   အရင်းအနှီးဈေးကွက် တွေ ပိုမိုတိုးတက်စေရေးအတွက် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအမိန့်ကြော်ငြာစာကို ဥပဒေရေးရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးသွားတဲ့အခါ ဒီ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ထုတ်ပြန်ပြီး အောက်တိုဘာလမှာ စတင်အသက်ဝင်နိုင်ဖို့ စီစဉ်ထားပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

     လက်ရှိ  မြန်မာနိုင်ငံတွင်  ကော်ပိုရိတ်  စီမံ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ အကြံပေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပထမဆုံးမှတ်တိုင်အနေဖြင့် သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ စာရင်းစစ် ကော်မတီ၊ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှုစသည့် အခန်းကဏ္ဍများပါဝင်သည့် ကော်ပို ရိတ် စီမံအုပ်ချုပ်မှုအမိန့်ကြော်ငြာစာမူကြမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကြံပေးကော်မတီတွင် OECD ကော်ပိုရိတ် စီမံ အုပ် ချုပ်မှုကော်မတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.Marcello Bianchi က အကြံပေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို အကြံပေးကော်မတီက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့် ကြော်ငြာစာနှင့် စပ်လျဉ်းပြီး သိရှိလိုပါက OECD မှ Senior Policy Analyst ဖြစ်သူ Mr.KeñTa Fukamien ၏ အီးမေးလ် KeñTa.Fukami@oecd.org သို့ ဆက် သွယ်မေးမြန်းနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ပန်းဆု