ယခု ဘဏ္ဍာနှစ်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ၅၆ ယူနစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်၊ ကျေးရွာပေါင်း ၁၅၀ ကျော်တွင် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် စုစုပေါင်း တိုင်းဒေကြီးနှင့် ပြည်နယ် ငါးခုတွင် ကျေးရွာယူနစ်ပေါင်း ၅၆ ယူနစ်ကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပြီးလက်ရှိတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများကို သက်ဆိုင်ရာ က စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။
ကိုတိုး