Main menu

Background

သီးနှံစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်

Mon, 06/10/2019 - 12:18 -- journal_editor

         မိုးလေဝသပညာရှင်ဆရာကြီး ဒေါက်တာ ဦးထွန်းလွင် က သူ့ရဲ့ Facebook Page မှာ "အယ်လ်နီညိုက ဟန်ရေး ပြနေတယ်၊ သူ့ရဲ့စွမ်းအားက ဇွန်လကုန်လောက်ထိရောက်မယ်၊ ရာသီဥတုပြင်းမယ်၊ ခြောက်သွေ့မယ်၊ မုတ်သုံမိုးကလည်း အဝင်နောက်ကျပြီး၊ စောထွက်မယ်၊ မိုးရွာသွန်းမှုလည်း နည်းမယ်လို့" ခန့်မှန်းထားတာကို သတိပြုမိပါတယ်။ စာရေးသူက စိုက်ပျိုးရေးသမားဖြစ်လို့ ဆရာကြီးရဲ့ မိုးလေဝသခန့်မှန်းချက်ကို ဖတ်လိုက်ရပြီး စဉ်းစားမိလိုက် တာက တောင်သူလယ်သမားကြီးများ ရာသီဥတုနဲ့ကိုက်ညီ အောင် သီးနှံတွေ ဘယ်လိုစိုက်ပျိုးကြရမလဲ၊ ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲဆိုတဲ့ အချက်ပါပဲ။ အယ်လ်နီညိုရဲ့သတ္တိကြောင့် ပူပြင်းတဲ့ကာလဖြ စ်ပေါ်မှု ဟာ ဇွန်၊ ဇူလိုင်ထိဆိုတော့ မိုးရာသီသီးနှံများဖြစ်တဲ့ မိုးစပါး၊ မိုးယာ သီးနှံများဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးကြမယ့် စိုက်ချိန်နဲ့ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။ ဒီတော့ မိုးသီးနှံ စိုက်ပျိုးပြီး အပင်ပေါက်၊ အပင်ဖြစ်ထွန်းမယ့်အချိန်မှာ သီးနှံ ပင်အောင်မြင်ဖြစ်ထွန်းစေ မယ့် အပူချိန်နဲ့ကိုက်ညီအောင် ချိန်ကိုက် စိုက်ပျိုးကြဖို့လိုအပ် မှာ ဖြစ်ပါတယ်။ တစ်ဖန် မုတ်သုံမိုးဦးကလည်း အဝင်နောက် ကျမယ်ဆိုတော့ မိုးရေရနိုင်မယ့်အချိန်ကိုလည်း မျှော်မှန်းစိုက် ပျိုးကြရာမှာဖြစ်ပါတယ်။
        မြန်မာနိုင်ငံမှာ အယ်လ်နီညိုရဲ့ အစွမ်းအကျိုးသက် ရောက်မှုကြောင့် အပူချိန်မြင့်မယ်၊ မုတ်သုံမိုးအဝင်နောက် ကျမယ်၊ မိုးရွာသွန်းမှု နည်းမယ်ဆိုရင် မိုးလယ်အနှောင်းကာလမှသည် မိုးနှောင်းကာလကုန်သည်ထိ ပျမ်းမျှ မိုးရေချိန်ပမာဏ ကို ပြည့်အောင် ဖြည့်စွက်ရွာခြင်းဖြင့် မိုးနှောင်း စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ဖွယ်ရှိနိုင်ပါတယ်။ မိုးဦးမိုးနည်း၍ မိုးနှောင်း မိုး ကောင်းမည့်အခြေအနေတွင် သီးနှံ စိုက်ပျိုးမှုများကို တွက်ဆ ချိန်ကိုက် စိုက်ပျိုးရန် လိုအပ်လာပါတယ်။ ရာသီဥတုနဲ့ကိုက်ညီအောင် သီးနှံများအောင်မြင်အောင် စိုက်ပျိုးဖို့ ဘယ်လိုပြင်ဆင်ကြဖို့ လိုအပ်ပါသလဲ။ အဓိက အကျုံးဝင်မှာကတော့ မြေရယ်၊ မျိုး ရယ်၊ ရေရယ်၊ စိုက်ပျိုးရေး နည်းစနစ်ရယ်ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်ပြီး ကြိုတင်ပြင် ဆင်ဖို့ကတော့ အပူချိန်မြင့်မယ်၊ မိုးနောက်ကျမယ်ဆိုရင် နွေထယ်ရေးပြင်ကြဖို့လိုပါတယ်။ မြန်မာပြည် အထက်ပိုင်း ဒေသတွေမှာ ပိုပြီးလုပ် သင့်တဲ့ လုပ်ငန်းပါ။ နွေထယ်ရေး ပြင်ထားခြင်းအားဖြင့် မိုးရွာချိန်တန်လို့ရွာခဲ့ရင် ရွာလိုက်တဲ့ မိုးဦးမိုးဖျားရေကို စီးဆင်းမသွားစေဘဲ စုပ်ယူထိန်းထားနိုင်ပါ တယ်။ နွေထယ်ရေးပြင်ဆင်ထားခြင်းအားဖြင့် အပင်အကြွင်း အကျန်ေ တွ၊ ပေါင်းမြက်တွေလည်း ထယ်ရေးအောက်ရောက်ပြီး ဆွေးမြေ့စေပါတယ်။ အပင်အကြွင်းအကျန်နဲ့ ပေါင်းမြက်တွေ မှာ ခိုအောင်းနေတဲ့ ပိုးမွှားရုပ်ဖုံးတွေ၊ ဥတွေ၊ လောက်ကောင် တွေလည်း သုတ်သင်ပြီးသားဖြစ်စေပါတယ်။ မြေတွင်းမှ ခိုအောင်းနေတဲ့ မြေတွင်းမှပိုးမွှားရုပ်ဖုံးတွေ၊ ဥတွေ၊ လောက် ကောင်တွေလဲ သေကျေပျက်စီးကြကုန်ပါတယ်။ သီးနှံများ ရိတ်သိမ်းပြီးတဲ့အချိန်မှာ အစိုဓာတ်လည်း ခန်းခြောက်သွားတဲ့ အတွက် မြေဆီလွှာအတွင်းမှာ လေမဲ့ဇုန်(အောက်စီမဲ့ဇုန်)ဖြစ်သွားပါတယ်။ နွေထယ်ရေးပြင်လိုက်ခြင်းအားဖြင့် မြေဆီ လွှာအတွင်း အောက်စီဂျင်ဝင်သွားပြီး သီးနှံပင်များ စိုက်ပျိုးတဲ့ အခါ အမြစ်ကြီးထွားရှင်သန်မှုကို အကျိုးပြုစေပါတယ်။ မြေယာသီးနှံပင် သံဓာတ်အဆိပ်သင့်နေတဲ့ မြေဖြစ်နေရင် သံဓာတ်အဆိပ်သင့်မှုကို လျော့ကျစေပါတယ်။ နွေထယ်ရေး ပြင်ထားခြင်းအားဖြင့် မိုးရွာလို့ သီးနှံစိုက်ပျိုးရန် မြေယာ ပြုပြင်ထွန်ယက်တဲ့အခါ လွယ်လွယ်ကူကူ  ဆောင်ရွက်နိုင်ပြီး ထယ်ရေးကောင်းစေပါတယ်။
        နောက်တစ်ချက်ကတော့ မျိုးရွေးချယ်ခြင်းဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် ရာသီဥတုနဲ့ကိုက်ညီအောင်မျိုးကို သက်တမ်းတိုမျိုး၊ အထွက်ကောင်းမျိုး၊ အပူဒဏ်ခံနိုင်တဲ့မျိုး၊ ရေငတ်ဒဏ် ခံနိုင်တဲ့မျိုး၊ ရေနစ်မြုပ်ဒဏ်ခံနိုင်တဲ့မျိုး များကို ရွေးချယ်ဖို့ လိုပါတယ်။ မြန်မာပြည်အောက်ပိုင်းဒေသများဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီဒေသတွေမှာ မိုးစပါးကို ဇွန်၊ ဇူလိုင်မှာ အများဆုံး စိုက်ကြပါတယ်။ မိုးယာ သီးနှံဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်များကို မေလလယ်မိုးရွာတာနဲ့ အတန်းစိုက်၊ ကြဲ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ မြန်မာပြည်အထက်ပိုင်းဒေသများတွင် မိုးစပါးကို ဇူလိုင်၊ သြဂုတ်လများမှ စတင်စိုက်ပျိုးပါတယ်။ မုတ်သုံအဝင် နောက်ကျခဲ့သော်လည်း ဇူလိုင်၊ သြဂုတ်လတွင် ဖြစ်ပေါ်တတ် တဲ့ လေဖိအားနည်း ရပ်ဝန်းနဲ့ မုန်တိုင်းမိုးကို အားကိုးရရှိနိုင်ပါတယ်။ ယာသီးနှံဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများကို မေလနောက်ဆုံးပတ်၊ ဇွန်လမှာ  စတင်စိုက်ပျိုးေ လ့ရှိပါတယ်။ ဇူလိုင်လမှာ   မိုးပြတ်လေ့ရှိသဖြင့်   ဇူလိုင်လကို   ရှောင်ပြီး သြဂုတ်လမိုးရေမှန်မှန်ရမှ စိုက်ပျိုးခြင်းဟာ အောင်မြင်မှု ပိုရရှိနိုင်ပါတယ်။ ပဲမျိုးစုံမျိုးကို ရွေးချယ်ရာတွင် အသက်ငယ်ပြီး အထွက်ကောင်းတဲ့ ရေဆင်း-၂၊ ရေဆင်း-၁၊ ပဲတီ ရွှေဝါ၊ စိုက်ပျိုးရေး(၁)မျိုးများဟာ မိုးကြို၊ မိုး၊ ဆောင်းရာသီသုံးခုလုံးမှာ စိုက်လို့ရတဲ့အတွက် ယခုနှစ်လို မိုးရေဇဝေဇဝါရာသီဥတုမှာ လက်မလွတ်တမ်းစိုက်ပျိုးသင့်ပါတယ်။
         ယခုနှစ်ဟာ အယ်နီလ်ညိုရဲ့ အကျိုးသက်ရောက်မှု ကြောင့် အပူချိန်မြင့်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သီးနှံ စိုက်ပျိုးဖြစ်ထွန်းဖို့အတွက် သီးနှံပင်ကလိုအပ်မယ့် အပူချိန် ဟာလည်း အရေးပါလာပါတယ်။ သီးနှံတစ်ခုနဲ့ တစ်ခု အောင် မြင်ဖြစ်ထွန်းရန်လိုအပ်တဲ့ အပူချိန်ဟာ မတူညီကြပါ။ စပါး သီးနှံသည် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီ ဂရိတ်ဖြစ်ပါက အညှောင့်မပေါက်ခြင်း၊ အနှံဖြုံခြင်း၊ အနှံတစ် လစ်တစ်လစ်ဖြစ်တတ်ပါတယ်။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျပါက (သို့) ၃၅ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အဖျင်းများခြင်း၊ ဆန်သားအက်ခြင်း၊ အပူချိန် ၂ဒီဂရီ စင်တီ ဂရိတ်ထက် နိမ့်ကျပါက အနှံ လုံးဝမြုံသွားစေပါတယ်။ သို့ အတွက် အနှံ မအထွက်မီ ၁၅ ရက်နဲ့ အနှံထွက်ပြီး ၂၅ ရက် စုစုပေါင်း ၄၀ ရက်အတွင်း နေသာချိန်နဲ့ နေရောင်ခြည်စွမ်းအင် အပြည့်အဝရရှိအောင် ချိန်ကိုက်စိုက်ပျိုးရန် စီမံရမှာဖြစ်ပါ တယ်။ စပါးသီးနှံဟာ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ်အတွင်း အောင်မြင်ဖြစ်ထွန်းတာ တွေ့ရှိရပါ တယ်။ စပါးသီးနှံသည် နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှာ ကောင်းစွာ အောင်မြင်ဖြစ် ထွန်းနိုင်ပါတယ်။ အပူချိန်အေးလွန်းလျှင် လည်းကောင်း၊ မြင့် လွန်းလျှင်လည်းကောင်း အပင်ဖြစ်ထွန်း ကြီးထွားမှု ရပ်တန့် သွားစေပါ တယ်။ မြေပဲသီးနှံဟာ ၂၀ ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျပါက အပင်ကြီးထွားမှု နှောင့်နှေးပြီး ၃၅ ဒီဂရီစင်တီဂရိတ်ထက် မြင့်ပါက မျိုးအောင်မှုနှုန်းကျဆင်းသွားစေပါသည်။ ၂၅-၃၀ ဒီဂရီစင်တီဂရိတ်ဟာ မြေပဲအောင်မြင်ဖြစ်ထွန်းနိုင်တဲ့ အပူချိန် ပါပဲ။ နှမ်းသီးနှံဟာ ၂၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာ ပေါက်ပြီး၊ ၂၅ ဒီဂရီစင်တီဂရိတ်အထက်မှာ အပင်ကြီးထွား ဖြစ်ထွန်းပါတယ်။ ၂၄-၂၇ ဒီဂရီ စင်တီဂရိတ်ဟာ ပန်းပွင့်ရန် အကောင်းဆုံး အပူချိန်ဖြစ်ပါတယ်။ ၄၀ ဒီဂရီစင်တီ ဂရိတ် အထက်ဆိုရင် သန္ဓေအောင်မှုလျော့နည်းပြီး အထွက်နှုန်း ထိခိုက်စေပါတယ်။ နေကြာသီးနှံ ဟာ ၈-၁၀ ဒီဂရီ စင်တီဂရိတ်မှာ အပင်ကောင်းစွာပေါက်ပြီး ၂၀-၂၄ ဒီဂရီ စင်တီဂရိတ်မှာ မျိုးအောင်မှုအသင့်တော်ဆုံး ဖြစ်ပါ တယ်။ ၂၅ ဒီဂရီစင်တီဂရိတ် အထက်မြင့်သွားပါက သန္ဓေအောင်မှုနည်းပြီး အထွက်နှုန်း ထိခိုက်နိုင်ပါ တယ်။ ပဲပုတ်သီးနှံဟာ  ၁၀-၂၉ ဒီဂရီ စင်တီဂရိတ်မှာ အပင် ကောင်းမွန်ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းအကောင်းဆုံးဖြစ်ပါတယ်။ သို့အတွက် ယခုနှစ်လို မိုးနည်းပြီး ပူပြင်းခြောက်သွေ့မှုဖြစ်ပေါ်နိုင်တဲ့ ရာသီဥတုမျိုးမှာ သီးနှံများလိုအပ်တဲ့ အပူချိန်နဲ့ ကိုက်ညီအောင် တွေးဆစိုက်ပျိုးကြရန် လိုအပ်ပါတယ်။ သို့ပါ၍ အယ်လ်နီညိုက ဟန်ရေးပြင်၊ မုတ်သုန်မိုးကနောက်ကျ ဝင်၊ မိုးရွာသွန်းမှုကနည်းမည်ထင်ရတဲ့ ဒီနှစ်လိုရာသီဥတုနဲ့ သီးနှံများ စိုက် ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် တောင်သူလယ်သမား ကြီးများ ကြိုတင်ပြင်ဆင်နိုင်ရန် မျှဝေလိုက်ရပါတယ်။

 

အောင်ဆန်း (စိုက်ပျိုးရေး)