Main menu

Background

စွန့်ဦးတီထွင် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး အလေးပေးဆောင်ရွက်

Sat, 02/04/2023 - 22:11 -- journal_editor

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင် ပေါကြွယ်ဝစေကာမူ လူသား အရင်းအမြစ် ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ နိုင်ငံတိုင်း မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေ၊ တတ်နေ၊ သိနေဖို့ လိုပေသည်။ လူငယ်များကိုယ်တိုင် ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ၊ နက်ရှိုင်းကျယ်ပြန့်လှပါသည်။ မိမိ၏ ကာယ၊ ဥာဏ စွမ်းအားအပေါ် မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။ ပညာတတ်မြောက်ခြင်းတူလျှင်သော်မှ စဉ်ဆက်မပြတ်  လေ့လာဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်သကဲ့သို့ အတတ်ပညာ တစ်ခုတည်းနှင့်လည်း တည်ဆောက်၍ မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာ နှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများ အကျိုးကို ဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစားသင့်လှပေသည်။ အသိပညာ၊ အတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြစ်သည်။ အလိမ္မာ စာမှာရှိသည် ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို များများ ဖတ်ကြရမည်သာဖြစ်သည်။ ဖတ်ရုံ သာမက မှတ်လည်းမှတ်ရပေမည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်းသည့်အရာ အရက်ကလေးတစ်ခွက်လောက်၊  မူးယစ်ဆေးဝါးလေး တစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏ တိုးတက်မှုကို ဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့် တူပေသည်။ အတုယူ လွဲမှားခြင်း မရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသောအရာများ တွေ့မြင်နေကြရသည်။ ယနေ့လူငယ်များ ဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားရေးအတွက်သာ ဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင် လေ့လာသိရှိထားသင့်သည်။ အမှန်စင်စစ် အမျိုးဘာသာ သာသနာ မျိုးချစ်စိတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင်ရှိနေသော စိတ်ဓာတ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မျိုးချစ်စိတ်ဓာတ်မရှိသော နိုင်ငံနှင့် လူမျိုး၊ ၎င်းတို့ကိုးကွယ်သော သာသနာကို ဦးစားမပေးသော နိုင်ငံနှင့်လူမျိုးဟူ၍  တစ်နိုင်ငံမျှ မရှိသေးပါ။ ရှိလိမ့်မည်လည်းမဟုတ်ပါ။  ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်နှင့် လူမျိုးကို ချစ်တတ်သောစိတ်၊  မိမိတို့ ကိုးကွယ်သော ဘာသာတရားကို မြတ်နိုးတန်ဖိုးထားသော စိတ်များ ရှိနေရန် လိုအပ်ပေသည်။

နိုင်ငံတော်တစ်ရပ် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါသည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာကြမည့် လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာ အတတ်ပညာများ တိုးတက်သည်ထက်တိုးတက်အောင် ရှာဖွေဖြည့်ဆည်းနေကြရမည်ဖြစ်သကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ သာသနာကို တန်ဖိုးထားသော စိတ်ဓာတ်များကိုလည်း မွေးမြူရမည်ဖြစ်သည်။ သူများထက်ပိုတော်စေချင်လျှင် သူများထက် ပိုကြိုးစားရမည်မှာ အမှန်တရားဖြစ်သည်။ လူသားအရင်းအမြစ် လိုအပ်ချက်နှင့် ပတ်သက်၍  အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များရှိမှသာ လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သဖြင့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး အားပေးဆောင်ရွက်ရမည်ဖြစ်သည်။ လူငယ်မှန်သမျှသည် အနာဂတ်ကာလတွင် လူရွယ်များအဖြစ်၊ ထိုမှတစ်ဆင့် လူကြီးများအဖြစ် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေသည်။ ထိုမှတစ်ဆင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် စွန့်ဦးတီထွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားအားလုံး၏ အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်ပေရာ လူငယ်မောင်မယ်တိုင်း ကြိုးစားလုပ်ဆောင်ကြပါရန် ရေးသားလိုက်ရပေသည်။

ငြိမ်းဝေနှင်း(ရန်ကုန်စားသုံးသူ)