Main menu

Background

ကုမ္ပဏီများ၏ စွမ်းဆောင်ရည်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

Thu, 03/16/2023 - 14:57 -- journal_editor

BofA Securities ၏ သုတေသနပြုချက်တစ်ခုအရ အာရှဒေသတွင် အမျိုးသမီးမန်နေဂျာ အချိုးအစား ပိုများသည့်ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းမှ ပိုမိုကောင်းမွန်သည့်ရလဒ်များရရှိကာ အကျိုးအမြတ်များ စံနှုန်းပြည့် ရရှိစေသည်ဟု သိရှိရသည်။ MSCI Asia-Pacific  အညွှန်းကိန်းတွင် ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီများ၏ စီမံအုပ်ချုပ်ရေးအဖွဲ့တွင် အမျိုးသမီးပါဝင်မှုနှုန်းထားများသည့် ကုမ္ပဏီများ၏ ငါးနှစ်ပျမ်းမျှဝင်ငွေသည် ကုမ္ပဏီအားလုံး၏ ပျမ်းမျှစံနှုန်းထက် ၄ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း သိရှိရသည်။  

ဤကုမ္ပဏီများ၏ စတော့ဈေးနှုန်းများသည် စီမံအုပ်ချုပ်မှုအဖွဲ့တွင် အမျိုးသမီးပါဝင်မှု နည်းပါးသည့် ကုမ္ပဏီများထက် ကာလတူအတွင်း ၂၆ ရာခိုင်နှုန်းသာလွန်ခဲ့‌ကြောင်း BofA အစီရင်ခံစာက ဆိုခဲ့သည်။ BofA သည် ၂၀၁၀ ခုနှစ်မှစတင်ကာ ရလဒ်များကို သုတေသနပြုခဲ့ပြီး  မတူကွဲပြားသော ခေါင်းဆောင်မှုက ကော်ပိုရိတ်အောင်မြင်မှုကို အထောက်အကူဖြစ်စေနိုင်ကြောင်း ထုတ်ဖော်‌ရေးသားခဲ့သည်။ 

MSCI Asia-Pacific အညွှန်းကိန်းဆိုသည်မှာ စတော့ဈေးကွက်အညွှန်းကိန်းတစ်ခုဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံကြီးများရှိ စတော့အိပ်ချိန်းများတွင် စာရင်းဝင်ထားသည့် ထိပ်တန်းကုမ္ပဏီများကို ရွေးချယ်တွက်ချက်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံ ၁၁ နိုင်ငံမှ ထိပ်တန်းကုမ္ပဏီပေါင်း ၁၃၀ဝ ၏ စတော့ဈေးနှုန်းကို အညွှန်းဖွဲ့စည်းထားခြင်းဖြစ်သည်။ အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊  သြစတြေးလျ၊ စင်ကာပူ စသည့်နိုင်ငံများကို အခြေခံကာ ဖွဲ့စည်းထားသည်။ ဤအညွှန်းကိန်းကို  အာရှ-ပစိဖိတ်ဒေသမှ  အစုရှယ်ယာဈေးကွက်၏ စွမ်းဆောင်ရည်ကို ခြေရာခံလိုသော(သို့မဟုတ်) ၎င်းတို့၏ အစုရှယ်ယာများ၏ စွမ်းဆောင်ရည်ကို အညွှန်းကိန်းနှင့် နှိုင်းယှဉ်လေ့လာလိုသော ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကစံညွှန်းအဖြစ် အသုံးပြုပါသည်။

McKinsey & Co ၏ အစီရင်ခံစာတွင်မူ ကုမ္ပဏီထိပ်တန်း အမှုဆောင်အဖွဲ့တွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်သည့် ကုမ္ပဏီများသည် အမျိုးသမီး အချိုးအစားနည်းသော ကုမ္ပဏီများထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း ဖော်ပြထားသည်။ Credit Suisse Group ၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် ကော်ပိုရိတ် ဘုတ်အဖွဲ့နှင့် ထိပ်တန်းအမှုဆောင်နေရာများတွင် ကျား/မ ရောစပ်ဖွဲ့စည်းထားသော ကုမ္ပဏီများ၏ စွမ်းဆောင်ရည်သည် ယင်းကုမ္ပဏီ၏ စတော့ဈေးနှုန်း၊ ကော်ပိုရိတ်စွမ်းဆောင်ရည်များနှင့် တိုက်ရိုက်ဆက်စပ်မှု Correlate  ရှိကြောင်း၊ မတူ ကွဲပြားမှုမှ အပို‌ဆောင်းရလဒ် diversity premium ပိုမိုရရှိကြောင်း သိရသည်။

မတူကွဲပြားသော အတွေ့အကြုံ ၊ အသိပညာ၊ ကျွမ်းကျင်မှုများကို ယူဆောင်လာခြင်းနှင့်အတူ ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့တွင် ကျား၊ မ - မတူကွဲပြားမှု ပိုမိုများပြားလာခြင်းမှသည် အပိုဝင်ငွေ (excess Alpha) များ ပိုမိုရရှိစေသည်ဟု BofA ပညာရှင်များက ရေးသားခဲ့သည်။ အမျိုးသမီး မန်နေဂျာ ပိုမိုများသော စတော့ကုမ္ပဏီများတွင် ပျမ်းမျှအရင်းအနှီး ကုန်ကျစရိတ် ၂၂ ရာခိုင်နှုန်း လျော့နည်းပြီး ၂၀၁၀ ခုနှစ်ကတည်းကစတင်၍  ရှယ်ယာများ၏  အမြတ်ငွေ ၂ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း  McKinsey ကုမ္ပဏီမှ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီ ၃၀ဝ ကို သုတေသနပြုချက်အရ ၎င်းတို့၏ အမှုဆောင်ကော်မတီများတွင် အမျိုးသမီးရာခိုင်နှုန်း အများဆုံးရှိသည့် ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှုရလဒ်များတွင် အပိုဆောင်းရလဒ် ၅၅ ရာခိုင်နှုန်းကို ရယူပေးကြောင်း သိရှိရသည်။ Peterson Institute for International Economics နှင့်  Ernst & Young သုတေသနအဖွဲ့မှ တစ်ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီပေါင်း ၂၂၀ဝ၀ နီးပါးကို လေ့လာခဲ့မှုအရ စီမံခန့်ခွဲမှုနှင့် ကုမ္ပဏီအမြတ် အစွန်းတွင် အမျိုးသမီးပါဝင်မှု အချိုးအစား တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါအတိုင်းအတာမှာ အရေးပါသည့် အနေအထားတွင်ရှိကြောင်း သိရှိရသည်။

BlackRock နှင့် State Street Global Advisors အပါအဝင် ရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီများ၏ ဘုတ်အဖွဲ့နှင့် အကြီးတန်း စီမံခန့်ခွဲမှုနေရာများတွင် အမျိုးသမီးများကို ထည့်သွင်းရန် ဖိအားပေးခဲ့သည်။ ၂၀၂၂  ခုနှစ်တွင် MSCI AC World Index ကုမ္ပဏီများ၏ ဘုတ်အဖွဲ့ဝင်များတွင် အမျိုးသမီး  ၂၄ ရာခိုင်နှုန်းထက် မနည်း ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ပါက  မြင့်တက်လာခဲ့ကြောင်း  ယခင်လက ထုတ်ပြန်ခဲ့သော MSCI  လေ့လာမှုတစ်ခုအရ သိရသည်။

လေ့လာမှုများအရ ခေါင်းဆောင်မှုအဆင့်တွင် အမျိုးသမီးကိုယ်စားပြုမှု ပိုမိုအားကောင်းခြင်းသည် ကုမ္ပဏီအမြတ်အစွန်းရရှိမှုနှင့် ဆက်စပ်နေကြောင်း ပြသနေသည်။ သို့တိုင် ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာချက်များ အားနည်းနေပါသေးသည်။ အာရှဒေသရှိကုမ္ပဏီများ၏ ၂၅ ရာခိုင်နှုန်းသည်သာ ကုမ္ပဏီအုပ်ချုပ်မှု အဖွဲ့များတွင် ကျား-မ ပါဝင်မှုနှုန်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဒေသတွင်းကုမ္ပဏီများတွင် အမျိုးသမီးပါဝင်မှုနှုန်းထားမှာ ၂၅ ရာခိုင်နှုန်းအောက်တွင်သာရှိကြောင်း BofA ၏  စာတမ်းတွင် ဖော်ပြထားသည်။ 

လောလောဆယ်တွင် အချို့သောအာရှနိုင်ငံများ၌ အမျိုးသား၊ အမျိုးသမီး လစာကွာဟမှုပြဿနာများ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများ တစ်ဒေါ်လာရရှိတိုင်း ပျမ်းမျှအားဖြင့် ၈၃ ဆင့်သာရရှိကြောင်း သိရသည်။ အထူးသဖြင့် တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့တွင် ယခုတိုင် အထင်အရှား တွေ့မြင်နေရဆဲဖြစ်သည်။

အကယ်၍ အမျိုးသား၊ အမျိုးသမီး လစာစရိတ် ကွာဟချက်ကိုသာ လျှော့ချနိုင်မည်ဆိုပါက ဈေးကွက်ထဲတွင် အမျိုးသမီး ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုများပြားလာစေနိုင်ကာ အမျိုးသမီးများအနေဖြင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (ESG) စနစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အခန်းကဏ္ဍ ပိုမို ကြီးထွားလာနိုင်မည်ဖြစ်သည်။ ထိုမှ တစ်ဆင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ခိုင်မာကောင်းမွန်သည့် စီးပွား ရေးသံသရာကို ဖန်တီးနိုင်မည်ဖြစ်ကာ ပြည်သူတို့အနေဖြင့် လည်း တာဝန်ရှိသည့် နိုင်ငံသားများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍ ကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ကော်ပိုရိတ် ESG (သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု)သည် ကုမ္ပဏီ၏ ရေရှည်တည်တံ့မှုနှင့် တာဝန်ယူမှုရှိသော လုပ်ငန်းအလေ့အကျင့်များကို ရည်ညွှန်းသည်။ ESG တွင် "S"သည် Social ကိုရည်ညွှန်းပြီး ဝန်ထမ်းများ၏ ကွဲပြားမှု၊ လူ့အခွင့်အရေးနှင့် အလုပ်သမားစံနှုန်းများကဲ့သို့သော  ပြဿနာများစွာ ပါဝင်သည့် လူမှုရေးဆိုင်ရာအချက်များ ကောင်းမွန်စေရေးအတွက်ဖြစ်သည်။ အမျိုးသမီးများ၏ ပါဝင်မှုနှင့် စွမ်းဆောင်နိုင်မှုသည် ကုမ္ပဏီတစ်ခု၏ ESG ရမှတ်ကို မြင့်တက်စေနိုင်သည့် အရေးကြီးသော လူမှုရေးအချက်များဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ ကော်ပိုရိတ်ခေါင်းဆောင်မှုနေရာများတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် မူဝါဒပြောင်းလဲမှု၊ သဘောထားအမြင်ပြောင်းလဲလာမှုများနှင့်အတူ ပိုမိုမြင့်မားလာနိုင်သော်လည်း ကျား၊ မ တန်းတူညီမျှမှုတွင် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများထက်‌ နောက်ကျကျန်ရစ်လျက်ရှိသည်။ စင်ကာပူ Board Diversity ကောင်စီ၏ နောက်ဆုံးပြုစုခဲ့သည့် ကိန်းဂဏန်းများအရ စင်ကာပူ စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ထိပ်တန်းကုမ္ပဏီ အခု ၁၀ဝ  တွင် အမျိုးသမီးပါဝင်မှုမှာ ၂၀၂၂ ခုနှစ်အကုန်တွင်  ၂၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာကြောင်းသိရှိရသည်။ အဆိုပါ နှုန်းမှာ ၂၀၂၁ အကုန်တွင် ၁၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ အကုန်တွင် ၁၅ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ (မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၂၃ ကို ဂုဏ်ပြုရေးသားပါသည်။)

References : www.economictimes.com

ထွန်းသက်ထွန်း