Main menu

Background

ရေစစ်ပွဲ၊ ရေအရင်းအမြစ် ပဋိပက္ခ

Fri, 03/17/2023 - 13:44 -- journal_editor

(၁)
'ရေစစ်ပွဲ' (Water War) ဟူသော ဝေါဟာရသည် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရေနှင့်ပတ်သက်၍ရပိုင်ခွင့်များနှင့် ပတ်သက်၍လည်းကောင်း ပဋိပက္ခဖြစ်ပွားခြင်းကို ယေဘုယျ ရည်ညွှန်းခြင်းဖြစ်သည်။ အချို့ကလည်း ရေအငြင်းပွားမှု၊ ရေပဋိပက္ခဟုလည်း အမည်တပ်ကြသည်။    
(၂)
ရေစစ်ပွဲများသည် ရေရရှိရေးအတွက်လည်းကောင်း၊ ရေအရင်းအမြစ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍လည်းကောင်း တိုက်ပွဲများ ဖန်တီးနေသည့် ပဋိပက္ခများဖြစ်သည်။ အဆိုပါ ပဋိပက္ခများသည် ရေချို၊ ရေငန်နှစ်မျိုးစလုံးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်းများတည်ရှိရာ နေရာများ၊ ရေရရှိမှု ခက်ခဲနေသောနိုင်ငံများ၊ ဒေသများတွင် တွေ့မြင်နေရသည်။ အဓိကအားဖြင့် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ မဟာဗျူဟာမြောက် အသာစီးရလိုခြင်း သို့မဟုတ် ရေချိုအရင်းအမြစ်များအတွက် ခွဲဝေသုံးစွဲမှု မမျှတခြင်းတို့အပေါ် တုံ့ပြန်မှုများပြုလုပ်ကြရာမှ ဖြစ်ပေါ်လာတတ်သည်။ ရေအရင်းအမြစ်ကိစ္စများ ဖြေရှင်းရာ၌ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ရာတွင် ခက်ခဲမှုများစွာရှိသဖြင့်  တစ်ခါတစ်ရံ  ကြီးမားသော  အငြင်းအခုံများမှတစ်ဆင့် လက်နက်ကိုင် တိုက်ခိုက်မှုများ  ဖြစ်လာသည်အထိ ကျယ်ပြန့်သွားနိုင်သည်။ 

ထို့ကြောင့် အကန့်အသတ်ဖြင့် ရှိနေသော ရေအရင်းအမြစ်ကို မျှဝေသုံးစွဲနေရသည့် နိုင်ငံများကြား သို့မဟုတ် လူမျိုးအုပ်စုများကြား၌ ပုံမှန်မျှဝေသုံးစွဲနေသည့် အခြေအနေမှ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးအုပ်စုတစ်စုက ရေလိုအပ်ချက်ပိုမိုမြင့်မားလာသည့်အချိန်တွင် မျှတစွာစီမံခန့်ခွဲပေးနိုင်ခြင်းမရှိပါက အငြင်းပွားမှုများနှင့် ရန်လိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ တစ်နိုင်ငံချင်း အစိုးရများအနေဖြင့် သတိထားလေ့လာ၍ ပဋိပက္ခများမဖြစ်လာစေရေး ကြိုတင်ပြင်ဆင်ထားသင့်သည်။ 
(၃)
ကမ္ဘာပေါ်တွင် ရေသည် အကန့်အသတ်ရှိသော အရင်းအမြစ်ဖြစ်ပြီး လူတို့ အသက်ရှင်နေထိုင်မှုအတွက် အရေးပါသဖြင့် ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ ရေအသုံးပြုမှု ပမာဏမှာလည်း သိသိသာသာ တိုးတက်လာနေသည်ကို တွေ့ရသည်။ ထို့ပြင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတို့အပေါ် မူတည်လျက် ဒေသအခြေအနေကိုလိုက်၍ လည်းကောင်း၊ ရာသီဥတုအခြေအနေများအရလည်းကောင်း ရေအရင်းအမြစ်ရရှိနိုင်မှုနှင့် ရေအရည်အသွေးကျဆင်းမှုတို့ ဖြစ်ပေါ်လာတတ်သည်။ ထိုအခြေအနေများကြောင့်လည်း ရေနှင့်ပတ်သက်သည့် ပဋိပက္ခများကို ဦးတည်သည့် ပြိုင်ဆိုင်လုပ်ဆောင်မှုများဖြစ်ပေါ်လာနိုင်သည်။  သို့သော်  ရေနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော  ပဋိပက္ခများအတွက် လက်ညှိုးထိုးအပြစ်တင်ရမည်မှာ ရေအရင်းအမြစ်ရှားပါးမှုထက် ရရှိနေသည့်  ရေအရင်းအမြစ်အပေါ် ကောင်းမွန်သော စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှုလိုအပ်ချက်တို့ဖြစ်သည်။ 
(၄)
ရေစစ်ပွဲ သို့မဟုတ် ရေပဋိပက္ခများသည် ဆင်းရဲနွမ်းပါးသော နိုင်ငံများသာမက ကမ္ဘာ့နေရာအနှံ့တွင် ရှိနေသည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ရှိ ကော်လိုရာဒိုမြစ်ပေါ်တွင် ဖြစ်ပွားနေသော ရေပဋိပက္ခသည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။  ဂျာမနီနိုင်ငံ ဘာလင်တွင်  အခြေစိုက်သော ရာသီဥတု၊ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လွတ်လပ်သော အကြံပေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့်  အာဒါလ်ဖီ (ADELPHI) သည် ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော ရေအရင်းအမြစ်နှင့် သက်ဆိုင်သော ပြဿနာများ၊ ပဋိပက္ခများကို လေ့လာလျက်ရှိသည်။ ထိုအဖွဲ့က  လေ့လာထားသောစာရင်းသည်  ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း  သတိပြုစရာ ရေအရင်းအမြစ်နှင့်ပတ်သက်သည့် ပဋိပက္ခများ သို့မဟုတ် ဖြစ်လာနိုင်ခြေရှိသော ရေစစ်ပွဲများအဖြစ် မှတ်သားလေ့လာနိုင်ပေသည်။        
    -    အာဖရိက အရှေ့မြောက်ပိုင်းတွင် စီးဆင်းနေသော အဓိကမြစ်မကြီးဖြစ်သည့် နိုင်းမြစ်ဝှမ်း (Nile Basin) ရေအရင်းအမြစ် အငြင်းပွားမှု၊
    -    ယီမင်နိုင်ငံရှိ ရေရှားပါးပြတ်လတ်မှုနှင့် ပြည်သူလူထု မကျေနပ်မှု၊ 
    -    ယူဖရေးတီးမြစ် ( Euphrates)၊ တိုက် ဂရစ်မြစ်  (Tigris) တို့နှင့်ပတ်သက်၍ တူရကီ၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့ကြားပဋိပက္ခ၊
    -    အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံ အကြား ရေနှင့်ပတ်သက်၍ နယ်နိမိတ် ဖြတ်ကျော် အငြင်းပွားမှု ၊  
    -    မဲခေါင်မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်း များနှင့် အငြင်းပွားမှုများ၊
    -    အိန္ဒိယနိုင်ငံ ကာဘယ်ရီမြစ်ဝှမ်း (Cauvery basin) ရှိ ရေနှင့်ပတ်သက်၍ အငြင်းပွားမှု ၊
    -    ဆိုမာလီယာနိုင်ငံရှိ မိုးခေါင်မှု၊ တိရစ္ဆာန်ဈေးနှုန်းများ မြင့်တက်လာမှု နှင့် လက်နက်ကိုင်ပဋိပက္ခများ၊
    -    တူရကီနိုင်ငံနှင့် အားမေးနီးယားနိုင်ငံတို့၏  တင်းမာမှုများကြားထဲမှပင် အားထုတ်ပြုလုပ်နေသော ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ၊
    -    အီဂျစ်နိုင်ငံတွင် ကြီးထွားလာနေသည့် ရေရှားပါးမှု၏ လုံခြုံရေးဆိုင်ရာ သက်ရောက်မှု
    -    ဘိုလစ်ဗီးယားနိုင်ငံ၊  ကာချာဘမ်ဘာ (Cochabamba) တွင် ရေအရင်းအမြစ် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း။
(၅)
ယနေ့အချိန်အခါ၌ ရေသည် ရှားပါးသော သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးအတွက် အသက် သွေးကြော၊  စီးပွားရေး  ဖွံ့ဖြိုးမှုအတွက် အဓိက သော့ချက်၊အရေးပါသောအစိတ်အပိုင်းဟု  လက်ခံသဘောထားလာနေကြပြီဖြစ်သည်။    

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ခုတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများ၊ ဖောက်ပြန်မှုများကြောင့် ပိုမိုဆိုးရွားလာနေသော ရေအရင်းအမြစ် ရှားပါးမှုသည် နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်လာခြင်း၊  ဒေသများ၊ နိုင်ငံများကြား ရွှေ့ပြောင်းသွားလာမှု အခြေအနေ ပိုမိုဆိုးရွားလာခြင်းနှင့် ဒေသတွင်းပဋိပက္ခများ ပိုမိုဖြစ်ပွားလာစေနိုင်သည်ဟု ဖော်ပြထားသည်။ ရေပဋိပက္ခ သို့မဟုတ် ရေစစ်ပွဲကို ဦးတည်နေသော နိုင်ငံများ၊ ဒေသများအနေဖြင့် ရေအရင်းအမြစ်ကို ထိခိုက်စေသည့် အခြေအနေများကိုလေ့လာမှုများ ပိုမိုပြုလုပ်၍ ကြိုတင်ပြင်ဆင်ကာကွယ်လုပ်ဆောင်ခြင်း၊ ရရှိနေသည့် ရေအရင်းအမြစ်များကို မျှတစွာ စီမံအုပ်ချုပ်ပေးရေး၊  ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန် စီစဉ်ပေးရေးတို့ကို  အရေးတယူ လုပ်ဆောင်ပေးခြင်းအားဖြင့်  ရေအရင်းအမြစ် ရှားပါးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ရေစစ်ပွဲများ၊ ရေပဋိပက္ခများဖြစ်ပွားခြင်းများ လျော့ကျလာနိုင်မည်ဖြစ်ပေသည်။
http://encyclopedia.uia.org

စောနိုင်(အသုံးချဘောဂဗေဒ)