Main menu

Background

မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

Wed, 05/10/2023 - 12:33 -- journal_editor

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပလတ်စတစ်သုံးစွဲမှု သိသိသာသာ လျော့ကျလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှု မြင့်တက်နေဆဲဖြစ်သည်။ ပလတ်စတစ် အမှိုက်များကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်းကြောင့် ပလတ်စတစ်သုံးစွဲမှု လျော့ကျစေရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ဆော်သြလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းတွင် ပလတ်စတစ်သုံးစွဲမှု အခြေအနေ၊ ကုန်ကြမ်းရရှိမှုနှင့် လတ်တလောဈေးနှုန်း အခြေအနေအား မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းဝင်းနှင့် တွေ့ဆုံခိုက် မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ပြည်တွင်းမှာ ပလတ်စတစ်သုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ပလတ်စတစ်အနေနဲ့ ပြောရရင် မနက်စောစော ထ သွားတိုက်တာနဲ့ ပလတ်စတစ်နဲ့လုပ်ထားတဲ့ သွားတိုက်တံကို သုံးရပါတယ်။ ဘောပင်မှာလည်း ပလတ်စတစ်ပါတယ်။ ပြောရမယ်ဆိုရင် တစ်နေ့တာ သုံးစွဲမှုများမှာ ပလတ်စတစ်နဲ့ ကင်းကွာလို့မရပါဘူး။ နေ့တစ်နေ့ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ ပလတ်စတစ်က လွှမ်းမိုးနေတာ။ ပလတ်စတစ်က ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှိတဲ့ဆိုးကျိုးကို အစိုးရသော်လည်းကောင်း၊ အသင်းအဖွဲ့သော် လည်းကောင်း၊  သုံးစွဲတဲ့သူတွေပါ ဝိုင်းဝန်းပြီးတော့ စနစ်တကျ စွန့်ပစ်နိုင်ရင် အကျိုးပိုရှိမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးဝိုင်းဝန်း  စနစ်တကျသုံးစွဲပါမှ ပလတ်စတစ်အကျိုးကို ပိုခံစားရမှာပါ။
လတ်တလော ပလတ်စတစ် ကုန်ပစ္စည်းတွေ ဈေးတက်လာတဲ့အပေါ် အသင်းအနေနဲ့ ဘာတွေများ ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ကော်စေ့ ဈေးနှုန်းက ကုန်ကြမ်း၊ ကုန်ချောဈေးနှုန်းအားလုံးဟာ နိုင်ငံခြားက ရေနံဈေးအပေါ် မူတည်တာပေါ့။ နောက်ပြီးတော့ ငွေလဲနှုန်းအပေါ် မူတည်တာပေါ့။ အဲအပေါ်မူတည်ပြီးတော့ ဈေးနှုန်းက အပြောင်းအလဲတော့ ရှိပါတယ်။ ပြောင်းလဲတဲ့ဈေးနှုန်းကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပလတ်စတစ်ဈေးနှုန်းက တော်တော်မျှခြေရှိတယ်လို့ပဲ ပြောရပါမယ်။ ပုံမှန်အားဖြင့်ပြောရရင် ကုန်ချောမှာလည်း အရမ်းဈေးမဟဘူး။ ပြည်ပဈေးနှုန်းထက်တောင် သက်သာတဲ့ အနေအထားမှာ ရှိပါတယ်။ ဈေးနှုန်း အခြေအနေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်တာကတော့ သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာကို နိုင်ငံတကာမှာ ပလတ်စတစ်ပေါက်ဈေး ဘယ်လောက်ရှိတယ်။ လိုင်စင်ချတဲ့အချိန်၊ အခွန်ကောက်တဲ့အချိန်မှာ သင့်တင့်မျှတတဲ့ဈေးနဲ့ ကောက်နိုင်ဖို့တော့ အသေးစိတ် အချက်အလက်ကိုတော့ ပုံမှန်သုံးလတစ်ကြိမ်တော့ အကောက်ခွန်ကို ပေးနေပါတယ်။ အဲဒါကြောင့် ဈေးနှုန်းလည်း သက်သာတာဖြစ်နေပါတယ်။
ပြည်ပနိုင်ငံတွေကနေ ပလတ်စတစ် ကုန်ကြမ်းတင်သွင်းမှု အခြေအနေလည်း သိပါရစေ။
ပလတ်စတစ်က ရေလမ်းကသော်လည်းကောင်း၊ ကုန်းလမ်းကသော်လည်းကောင်း သွင်းနေပါတယ်။ နယ်စပ်ကို အားထားပြီးတော့ သွင်းနေရတာရှိပါတယ်။ အခက်အခဲတော့ နည်းနည်းပါးပါးတော့ ရှိပါတယ်။ ကုန်ကြမ်းပြတ်လပ်တဲ့ ပုံစံမျိုးအဆင့်ထိတော့ မမြင်ရသေးဘူးပေါ့။ အဲလိုအခြေအနေမျိုးရှိပါတယ်။ ပလတ်စတစ်က အဓိကတော့ ရေနံထုတ်လုပ်တဲ့ အရှေ့အလယ်ပိုင်းကတော့ တော်တော်များတယ်။ ဈေးပိုသက်သာတယ်။ ထို့နည်းတူစွာပဲ အမေရိကန်တို့၊ ရုရှားတို့လည်း ထုတ်တယ်။ အိမ်နီးချင်းနိုင်ငံကျတော့ ဗီယက်နမ်လည်း ထုတ်ပါတယ်။ ထိုင်း၊ စင်ကာပူလည်း ထုတ်ပါတယ်။
မြန်မာနိုင်ငံ  ပလတ်စတစ်  လုပ်ငန်းရှင်များ အသင်းအကြောင်းလည်း သိပါရစေ။
၁၉၉၅ ခုနှစ်မှစတင်ခဲ့တာ နှစ်ပေါင်း ၂၈ တိုင်တိုင်ရှိခဲ့ပါပြီ၊ အသင်းသားအနေနဲ့ ၃၂၀ ဦးရှိပြီ ဖြစ်သလို အသင်းသားဦးရေလည်း တိုးပွားနေပါပြီ၊ အသင်းအနေနဲ့တော့ ပလတ်စတစ်လုပ်ငန်း  အသင်းသားတွေရဲ့ အကျိုးစီးပွား၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား၊ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားတွေ အကုန်လုံးကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အခြားအသင်းအဖွဲ့တွေပေါ့နော်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ တွဲဖက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ နောက်ပြီး အသင်းကြီးကို စတင်တည်ထောင်စဉ်ကတည်းက ပလတ်စတစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းဈေးကွက် တိုးချဲ့နိုင်ရေး ပလတ်စတစ်လုပ်ငန်းအပြင် အခြားသော ဆက်နွှယ်တဲ့လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေး  ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများကို ထဲထဲဝင်ဝင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် အသင်းဝင်များ၏ လိုအပ်ချက်ဖြစ်သော နယ်စပ်မှ ကုန်ကြမ်းတင်သွင်းခွင့် ရရှိရေးအတွက် ထောက်ခံချက်များ ပြုလုပ်ပေးခြင်း၊ ကုန်ကြမ်းအခက်အခဲများ အခြားသော အခက်အခဲများအတွက် အသင်းချုပ်ကြီးနှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းဆက် သွယ်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြပွဲများ ကျင်းပပေးခြင်း၊ ပြည်ပပြပွဲများကို သွားရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ပေးခြင်းများကိုလည်း ဆောင် ရွက်ပေးလျက်ရှိပါတယ်။
ပြည်တွင်းမှာ ပလတ်စတစ်ကို စနစ်တကျ သုံးစွဲ ရေးနဲ့ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။
ပလတ်စတစ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ရင် တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့ ၊ စီမံချက်တွေ၊ ဥပဒေတွေ သတ်မှတ်ချက်တွေကို အသင်းအဖွဲ့တွေ၊ စားသုံး သူတွေအနေနဲ့ရော ပညာရှင်တွေအနေနဲ့ရော အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ အစီအစဉ်တွေချမှတ် ပြီးတော့ လုပ်မယ်ဆိုရင် နိုင်ငံအတွက် သော်လည်းကောင်း၊ လုပ်ငန်းရှင်အတွက်သော်လည်းကောင်း၊ ပြည်သူတွေအတွက်သော် လည်းကောင်း အားလုံးအတွက် အကျိုးရှိမယ်လို့ မြင်မိပါတယ်။ အခက်အခဲတော့ အနည်းအများတော့ ရှိပါတယ်။ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းလျက် ရှိပါ တယ်။ အကောင်းဆုံး မဟုတ်ပေမယ့် အတိုင်း အတာတစ်ခုထိတော့  ရောက်ရှိအောင် လုပ် ဆောင်ပေးလျက်ရှိပါတယ်။
ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
အဓိကတော့  ပလတ်စတစ်က သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင်  ရန်သူဖြစ်တဲ့အတွက် စနစ်တကျ စွန့်ပစ်တတ်ဖို့ပဲ လိုအပ်တာပါ။ အဲလို ဖြစ်အောင်လည်း ပြည်သူ ပြည်သားအားလုံးမှာ တာဝန်ရှိသလို နိုင်ငံတော်အစိုးရကလည်း စနစ်တကျဖြစ်မြောက်အောင် ဥပဒေနဲ့ပြဋ္ဌာန်းမယ်ဆိုရင် ပိုပြီးအကျိုးရှိလာမှာ ဖြစ်ပါတယ်။ ပလတ်စတစ်က အပူချိန် ၂၀ဝ ကျော်၊ ၁၀ဝ ကျော်နဲ့ ထုတ်ထားလည်း ပိုးကသေပြီးသား။ စနစ်တကျသုံးစွဲဖို့ စွန့်ပစ်ဖို့ပဲ ဖြစ်စေချင်တာပေါ့။အခြား နိုင်ငံတွေမှာဆိုရင်  ပလတ်စတစ်ကို  လျှော့ဖို့မပြောဘူး။ စနစ်တကျသုံးဖို့ပဲ ပြောတယ်။ အမေရိကန်မှာတောင် ပလတ်စတစ်က သုံးနေတုန်းပဲ။ ကင်းကွာလို့မရဘူး။ တိုးတက်တဲ့နိုင်ငံတောင် ကင်းကွာလို့မရတာ ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဆိုရင်တော့ စနစ်တကျ သုံးဖို့လိုတယ်။ ဒါ့အတွက် စနစ်တကျသုံးစွဲပြီးတော့ စနစ်တကျစွန့်ပစ်ဖို့ပဲ ဖြစ်စေချင်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင်သုံးဖို့ လိုအပ်သလို စနစ်တကျသုံးဖို့အတွက် သက်ဆိုင်ရာ အစိုးရရယ်၊ အသင်းအဖွဲ့ရယ်၊ ပညာရှင်ရယ်၊ စားသုံးသူရယ် ညှိနှိုင်းပြီးတော့  ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ပြီးတော့ လုပ်ဆောင်သွားစေချင်ပါတယ်။

တိဗ္ဗ