Main menu

Background

စီးပွားဖြစ် နှစ်ရှည်ပင် ဒူးရင်းစိုက်ပျိုးနည်းနှင့် ခူးဆွတ်ခြင်း

Wed, 05/10/2023 - 15:37 -- journal_editor

စာရေးသူတို့နိုင်ငံတွင် ဒူးရင်းသီးကို ရာသီစာတစ်မျိုးအနေဖြင့်  စားသုံးကြသည်။ ဒူးရင်းသီးကို ကြိုက်သူရှိသလို မကြိုက်သူများလည်းရှိသည်။ ဒူးရင်းသီးသည် အနံ့ပြင်းသော အသီးမျိုးဖြစ်သည်။ သို့သော် ဒူးရင်းသီးသည် အလွန် စားကောင်းသော  အသီးဖြစ်သည်။ ဒူးရင်းမှာ နှစ်ရှည်ပင်ဖြစ်သဖြင့် တစ်ခါ စိုက်ပျိုးထားရုံဖြင့် တစ်သက်လုံး ခူးဆွတ်နိုင်သည်။
ဒူးရင်းပင်၏ မူရင်းဒေသ
ဒူးရင်းပင်၏  မူရင်းဒေသမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများဟု  ဆိုသည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး ထိုမှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့လာ သည်။ အနောက်နိုင်ငံများသို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ ခန့်က ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ မလေးရှားနိုင်ငံက ဝင်ရောက်လာဟန်ရှိသည်။ စင်စစ် "ဒူးရင်း" ဟူသော အမည်သည် မလေးစကားမှ မြန်မာမှု ပြုထားခြင်း ဖြစ်ကြောင်း မှတ်သားခဲ့ရဖူးသည်။

ဒူးရင်းသီးမျိုးများ
ဒူးရင်းမျိုးများမှာ ဟိုးယခင်က ဒေသမျိုးများသာ အများဆုံး စိုက်ပျိုးလေ့ရှိသော်လည်း ယခုအခါ ယိုးဒယားမျိုးများနှင့် စပ်မျိုးများကိုလည်း စိုက်ပျိုးလာကြသည်။  နိုင်ငံခြားမျိုးများမှ ကိုင်းဆက် မျိုးပွားထားသည့် မိကျောင်းခေါင်းမျိုး (အသီးရှည်) နှင့် ကန်ကလေး (၁)နှင့် ကန်ကလေး (၂)မျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။  ဒူးရင်းမျိုးစုတွင် မျိုးစိတ်ပေါင်း ၃၀ ခန့်ရှိသော်လည်း လူတို့ စားသုံးနိုင်သော မျိုးစိတ်မှာ ကိုးမျိုးသာရှိပြီး မြန်မာနိုင်ငံတွင် လေးမျိုးရှိသည်။ မျိုးစိတ်ပေါ်မူတည်၍ အရောင်နှင့် အနံ့အရသာ မတူပေ။ ဒူးရင်းသီးသည် အလုံး၌ ဆူးပါသည်။ အတွင်းအမြွှာသည် အဝါဖျော့ဖျော့အရောင်နှင့် အဖြူဖျော့ဖျော့အရောင် နှစ်မျိုးရှိသည်။ အတွင်းအမြွှာ အနီရောင်လည်း ရှိသည်။ အများအားဖြင့်တော့ အဝိုင်းသီးမျိုးနှင့် အရှည်သီးမျိုးဟူသာ အလွယ်ခေါ်ကြသည်။
မြေနှင့် ရာသီဥတု
ဒူးရင်းစိုက်မြေသည် သဲနုန်းမြေ၊ မြေပွနှင့် မြေဆီကောင်းပြီး ရေစီးရေလာ ကောင်းသော မြေကို နှစ်သက်သည်။ သို့သော် မြေစေးတွင် စိုက်ပျိုးမည်ဆိုပါက စိုက်ကျင်းကို ၃ ပေအကျယ် ၃ ပေ အနက် သို့မဟုတ် ၅ ပေအကျယ် ၅ ပေ အနက် အထိတူး၍ အပေါ်ယံမြေဆီလွှာ ၃၀ ရာခိုင်နှုန်း နှင့် မြေဆွေး ၃၀ ရာခိုင်နှုန်း  ရောစပ်ပြီး စိုက်ပျိုးနိုင်သည်။ မြေအချဉ်အငန်ဓာတ်မှာ ၅ ဒသမ ၅ မှ ၇ ဒသမ ဝ ဖြစ်သည်။ ဒူးရင်းပင်သည် ပူအိုက်စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ အပူချိန်အား ဖြင့် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်သည်။ မိုးရေချိန်လက်မမှာ ၁၀ဝ နှင့် ၂၀ဝ အတွင်းဖြစ်သည်။
မျိုးပွားနည်း
ဒူးရင်းပင်ကို မျိုးပွားမည်ဆိုလျှင် လိင်မဲ့မျိုး ပွားနည်းကိုသာ အသုံးပြုသင့်သည်ဟု ဆိုသည်။ မျိုးပွားနည်း သုံးမျိုးရှိသည်။ အစေ့မှ မျိုးပွားနည်း၊ အဖူးမြှုပ်  မျိုးပွားနည်း၊ ကိုင်းကူးဆက် မျိုးပွားနည်းတို့ ဖြစ်သည်။   အစေ့မှမျိုးပွားမည် ဆိုလျှင် သက်တမ်း ၁၅ နှစ် အနှစ် ၂၀ ခန့်ရှိသော သန်မာပြီး အပင်မြင့်အနေတော် အပင်မှ ရင့်မှည့်ပြီးကြွေကျသော အသီးမှအစေ့ကိုယူ၍ မျိုးပွားရမည်။ အစေ့မှာ ပေါက်လာသော အပင်ကို တစ်နှစ်သားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ကိုင်းကူးဆက်မျိုးပွားလျှင် အောက်ခံပင်၏ သက်တမ်းမှာခြောက်လမှ တစ်နှစ်သားအရွယ်အထိ မျိုးပွားနိုင်သည်။ ကိုင်းကူးဆက်ရာတွင် သပ်သွင်းကိုင်းကူဆက်နည်းနှင့် ချဉ်းကပ်ကိုင်းဆက်နည်း ဟူ၍လည်း  နှစ်မျိုးရှိသည်။ အသုံးများသောနည်းမှာ သပ်သွင်းကိုင်း ကူးနည်းဖြစ်ကြောင်း သိရသည်။  ကိုင်းကူးဆက် စိုက်ပျိုးသော  အပင်သည်  စောစောသီးသည်ဟု ဆိုသည်။
စိုက်ပျိုးနည်း
ဒူးရင်းစိုက်ပျိုးတော့မည်ဆိုလျှင် စိုက်ကျင်းကို ၃ ပေပတ်လည် တူးရသည်။ သဘာဝဓာတ်မြေ သြဇာနှင့် အပေါ်ယံမြေဆီလွှာကို ရောထည့်ပေးရသည်။ တစ်ပင်နှင့် တစ်ပင် ၂၄ ပေ သို့မဟုတ် ပေ ၃၀ ခြား၍ စိုက်ရသည်။ တစ်ဧကတွင် အပင် ၁၀ဝ ဝင်ဆံ့နိုင်သည်။ စိုက်ပျိုးရမည့်အချိန်မှာ မေလနှင့် ဇွန်ဖြစ်သည်။ စိုက်စတွင် နေပူရှိန် မကျအောင် အရိပ်ပြုလုပ်ပေးရမည်။ ဒူးရင်း တစ်နှစ်သားအရွယ်တွင် စိုက်ပျိုးနိုင်သလို နှစ်နှစ်သားအရွယ် အပင်ကိုလည်း စိုက်ပျိုးနိုင်သည်ဟုဆိုသည်။
ဒူးရင်းသီးပင်စိုက်ပျိုးရာ ဒေသများ
မြန်မာနိုင်ငံတွင် ဒူးရင်းပင်ကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊  ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ထို့ပြင်  ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးဘက်တွင်လည်း ဖြစ်ထွန်းနိုင် ကြောင်း သိရသည်။ ရွှေကျင်နှင့် ကျောက်ကြီးဒေသတွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။
အပင်ပြုစုနည်းနှင့် ရောဂါနှိမ်နင်းနည်း
စိုက်ပျိုးသီးနှံတိုင်းကို စိုက်ပျိုးပြီးလျှင် စနစ်တကျ ပြုစုပေးရသည်။ သို့မှသာ အပင်သန်ပြီး အသီးသီးနှုန်း ကောင်းမည်ဖြစ်သည်။ ဒူးရင်းပင်ကို စိုက်ပျိုးပြီးနောက် အရွက်မရင့်မီ ယူရီးယားဖျော်ရည် ၁၀ လီတာကို တစ်ပင်နှုန်း ဖျန်းပေးရမည်။ အရွက်မရင့်မီ အညွန့်ပိုးကျပါက ပိုးကျသော အညွန့်ကို ဖြတ်ပေးရသည်။  စိုထိုင်းစနည်းလျှင် အာဖရိကမွှားပင့်ကူနီ ကျရောက်တတ်သဖြင့် ရေဖြင့်ပက်ဖျန်း နှိမ်နင်းပေးရသည်။ အပင်ပြုစုမှု မကောင်းပါက  အပင်သက်တမ်း ထက်စော၍ ၇ နှစ် ၈ နှစ်လောက်တွင် သေနိုင်သည်။ ဤကားစိုက်ပျိုးသူများ သတိပြုရမည့် အချက်ဖြစ်သည်။ ရွက်ခြောက်ရောဂါ ကျရောက်ပါက Carbendazin ၆၀ ရာခိုင်နှုန်းနှင့် WP ၁၂ ဂရမ်ကို ရေလီတာ ၂၀ ဖြင့်ဖျော်၍ ပက်ဖျန်း နှိမ်နင်းပေးရမည်။ ပင်စည်၌ ရေညှိတက်လျှင် Copper oxychloride ၈၅ ရာခိုင် နှုန်းနှင့် WP ၅၀ ဂရမ်ကို ရေ ၂၀ လီတာ၌ ဖျော်၍ ပက်ဖျန်းပေးရပါမည်။   ထို့နောက်  အပွင့်မပွင့်မီ အရွက်ရင့်အဆင့်၌ပင် အညွန့်သစ်များ ထွက်ရန် အတွက် ယူရီးယား ၂ ရာခိုင်နှုန်း ဖျန်းပေးပါ။ပန်း ပွင့်များစေရန် အကိုင်းများသို့ ယမ်းစိမ်း တစ် ရာခိုင်နှုန်း ပက်ဖျန်းပေးပါ။ ပန်းပွင့်များ ပြွတ်သိပ်နေလျှင်လည်း ခြွေပေးရသည်ဟုဆိုသည်။ အပင်တစ်ပင် အတွက် တစ်နေ့ ရေ ၅  မီလီမီတာ သွင်းပေး၍ ပေါင်းမြက်များကို နှိမ်နင်းပေးရမည်။ ဤသို့ ပြုလုပ်ပေးပါက အပင်သန်၍ အသီးသီးနှုန်း ကောင်းမွန်မည် ဖြစ်ပါသည်။ (ဤကား စိုက်ပျိုးရေး ဆိုင်ရာစာအုပ်မှ  ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
အသီးခြွေပေးရခြင်းနှင့် မြေသြဇာကျွေးခြင်း
တချို့သော သီးပင်များသည် အသီးများနေလျှင် ခြွေပေးရသည်။ ဥပမာ-သင်္ဘောပင်ကဲ့သို့ အပင်မျိုးဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်းမှာ အသီးကြီးထွားနှုန်း ကောင်းစေရန်ဖြစ်သည်။ အသီးညှပ်နေပါက ကြီးထွားမှုနှုန်းကို အဟန့်အတား ဖြစ်စေသည်။   အသီးသက်တမ်း ၂၁ ရက်မှ  ရက် ၃၀ အတွင်းနှင့် ပန်းပွင့်ပြီး ၇ ပတ်ခန့်တွင် လိုအပ်သော အသီးအရေအတွက်ထက် နှစ်ဆချန်၍ ခြွေပေးရသည်။ ထို့နောက် အသီးသီးပြီး ၃၅ ရက်သား အရောက်တွင် ဓာတ်မြေသြဇာကို တစ်ပင်လျှင် ၂ ကီလိုဂရမ်နှုန်း ကျွေးပေးရမည်။
ခူးဆွတ်ခြင်း
ဒူးရင်းသီးသည် စိုက်ပျိုးပြီး  ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း အသီးစသီးသည်။ ဒူးရင်းပင်သည် နှစ်ရှည်ပင်လည်းဖြစ်သည်။ သက်တမ်းမှာ ၅၀ အထိရှိသည်။ ဒူးရင်းသီးကို ပန်းပွင့်ပြီး ငါးလခွဲအကြာ ဆူးကြီးလာချိန်နှင့် အသီးအရောင် ပြောင်းလာချိန်တွင် ကိုင်းဖြတ်ကတ်ကြေးဖြင့် ဖြတ်၍ ခူးဆွတ်ရသည်။ ဒူးရင်းပင်တစ်ပင်လျှင်  အလုံး ၁၀ဝ မှ ၃၀ဝ အထိသီးကြောင်း သိရသည်။ ဒူးရင်းသီးသည် အလုံးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွဲပြားသည်။ ယိုးဒယားသီးဆို တစ်လုံး ကျပ် ၄၀ဝ၀-၅၀ဝ၀ မှ ၁၀ဝ၀ဝ-၁၅၀ဝ၀ အထိရှိ သည်။ ပျမ်းမျှ တစ်နှစ်အလုံး ၂၀ဝ ကို တစ်လုံး ကျပ် ၄၀ဝ၀ နှုန်းဆိုလျှင် နှစ်စဉ် ကျပ် ရှစ်သိန်းခန့် ပြန်လည်ရရှိနိုင်သည်။ ဒူးရင်းသီးသည် ဈေးကွက်ဝင် အသီးဖြစ်သလို ဈေးကောင်းသော အသီးလည်းဖြစ်သည်။ ထို့ပြင်နှစ်ရှည်ပင် ဖြစ်သည့်အတွက် တစ်ကြိမ်သာ ရင်းနှီးရမည်ဖြစ်ပြီး နှစ်စဉ်ဝင်ငွေကောင်းသည့် အပင်ဖြစ်သည်။ ထို့ကြောင့် ဒူးရင်းပင် စိုက်ပျိုးပါက မြေကြီးက ရွှေသီးသည် ဟု ပင်ဆိုနိုင်ပါသည်။