Main menu

Background

(၁၁-၉-၂၀၂၀) မှ (၁၇-၉-၂၀၂၀)ထိဆန်ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Fri, 09/18/2020 - 16:02 -- journal_editor

ပြည်ပဆန်စျေးကွက်ကိုလေ့လာကြည့်ပါက၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့ တွင်  International Rice Market Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာဧည့်မထ(၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၁၆ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%)တစ်တန်လျှင်အမေရိကန်ဒေါ်လာ၃၆၃ဖြင့်လည်းကောင်းဖြစ်ပေါ်ခဲ့သည်ကိုသိရှိရ ပါသည်။ ထိုင်းဆန်စျေးနှုန်းများမှာ (၁၀၀%)ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ဖြင့်လည်းကောင်း၊ဧည့်မထ(၅%) တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၁၅ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၉၅ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ၅၂၅ဖြင့်လည်းကောင်းအသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရပါသည်။

                  ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅%) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၃ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၄၈ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅%)ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ၃၄၃ဖြင့်လည်းကောင်း၊(၁၀၀%)ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၃၈၃ဖြင့်လည်းကောင်းအသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

            ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် ယခုနှစ် ပထမခုနှစ်လအတွင်း ဗီယက်နမ်ဆန်၏ ပျမ်းမျှပို့ကုန်စျေးနှုန်းသည် တစ်တန်လျှင် ကန်ဒေါ်လာ ၄၈၇ ဒသမ ၂ ဒေါ်လာအထိရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးစျေးနှုန်း အဖြစ် သို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်လယ်ယာကုန်ချောထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ထုတ်ပြန်ချက်အရ  စျေးနှုန်းမြင့်တက်လာမှုမှာ နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများစွာမှ  ဆန်ရိက္ခာ ဖြည့်တင်းရန် ဝယ်ယူမှုမြှင့်တင်ခဲ့ကြသဖြင့် ဆန်စျေးများ မြင့်တက်လာရ ခြင်းဖြစ်ကြောင်း ဌာနမှ ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။

              လက်ရှိတွင် ဗီယက်နမ်ငါးမှတ်ဆန်စျေးသည် တစ်တန်လျှင် ဒေါ်လာ ၄၈၀-၄၈၅ ရှိနေပြီး နောက်လတွင်ပေါ်မည့် ကောက်သစ်များစျေးကွက်မရောက်မချင်း ဆန်စျေးများ ဆက်လက်တက်နေမည့် အနေအထားတွင်ရှိနေကြောင်း ခန့်မှန်းသိရှိရပါသည်။  ပထမ ခုနှစ်လ အတွင်း ဖိလစ်ပိုင်နိုင်ငံသည်  ဗီယက်နမ်ဆန်အား အများဆုံးဝယ်ယူခဲ့သော ဝယ်လက်ဖြစ်ပြီး စုစုပေါင်းဗီယက်နမ်ဆန်တင်ပို့မှု၏ ၃၅ ဒသမ ၃ ရာခိုင်နှုန်းအား ဖိလစ်ပိုင်နိုင်ငံမှ ဝယ်ယူခဲ့ ကြောင်းသိရှိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမရှစ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၄ ဒသမ ၅ သန်း တင်ပို့ခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ ရရှိခဲ့ပြီး နှစ်အလိုက် တန်ဖိုးမြင့်တက်မှု ၁၀ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး အကြီးဆုံးဆန်စျေးကွက်များ ဖြစ်သည့် အိန္ဒိယနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့၏နောက်တွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

                  ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် COVID-19 ကပ်ရောဂါ တစ်ကျော့ပြန် ကူးစက်မှုမြင့်တက်လာချိန်တွင် ဆန်ဝယ်ယူစုဆောင်းသူ အချို့ကြောင့် ပေါ်ဆန်း အပါအဝင် ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းအမျိုးအစားများ ဈေးအနည်းငယ် မြင့်တက် လာသော်လည်း   အစိုးရမှ အရန်ဆန်များ ထုတ်ရောင်း ပေးနေခြင်း ကြောင့် ရန်ကုန်ဈေးကွက် တွင် ပြည်ပတင်ပို့သည့် ဆန်ကြမ်းများ ဈေးနှုန်းတည်ငြိမ် နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။ လက်ရှိကာလတွင်စပါးတင်း၁၀၀ စျေးမှာ ကျပ်ခြောက်သိန်းဝန်းကျင်တွင်ရှိနေပြီး မိုးစပါးပေါ်လျှင်ကျပ် ၅၃၀,၀၀၀ သို့ကျဆင်းဖွယ်ရှိသဖြင့် ပြည်ပသို့တင်ပို့မည့် ဆန်စျေးနှုန်းမှာ စျေးနှုန်းအနည်းငယ်ကျဆင်းဖွယ်ရှိကြောင်းသိရှိရပါသည်။

              ဈေးကွက်တွင် ဆန်ဝယ်လိုအားလျော့နည်းနေခြင်းမှာ အစိုးရမှ အရန်ဆန်အဖြစ် ဝယ်ယူသိုလှောင်ထားသော ၂၅ မှတ်ဆန်များကို အိတ်ရေ လေးသိန်းကျော်မှ ငါးသိန်းအကြား ရောင်းချပေးရန် စီစဉ်နေပြီး ဆန်ကုမ္ပဏီများမှ အစိုးရ၏ အရန်ဆန်အိတ်ရေ နှစ်သိန်း ခန့်ဝယ်ယူ ရန် လျှောက်ထားမှုများရှိနေကြောင်းသိရှိရပါသည်။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များတွင် အခက်အခဲအနည်းငယ် ရှိသော်လည်း ရန်ကုန် ဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်း အနောက်ခြမ်းနှင့် ဧရာဝတီတိုင်းမှ ဆန်အသစ်များ စတင်ဝင်ရောက်လာကြောင်းသိရှိရပါသည်။

                  မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၁၉၆ ကျပ်နှုန်း ရှိပြီး၊ ဧည့်မထ ၂၅% ဆန်တစ်အိတ်လျှင် ၂၂၅၄၀ ကျပ်မှ ၂၃၅၂၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည် မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၄၈ ကျပ် နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

              ဘုရင့်နောင်ကုန်စည်ဒိုင်မှရရှိသော အချက်အလက်များအရ အလေးချိန် (၁၀၈) ပေါင်ပါ ရတနာတိုး-85(Raw) အမျိုးအစား ဆန်တစ်အိတ်၏ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ပြောင်းလဲ နေသော စျေးနှုန်းများအား လေ့လာရာတွင် ၁၁-၉-၂၀၂၀ ရက်နေ့မှ ၁၇-၉-၂၀၂၀ ရက်နေ့အထိ ဆန်တစ်အိတ်လျှင် ၂၄၀၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

              တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဟားခါးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၃၀၀ ကျပ်၊ မုံရွာမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် ကလေးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၁၈၀၀ ကျပ်ဖြင့် အမြင့်ဆုံး စျေးနှုန်းများဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့၊ ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၁၂၀၀ ကျပ်၊ စစ်တွေမြို့တွင် ၁၀၅၀ ကျပ်တို့ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

              Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် စျေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၂.၆၂ ရာခိုင်နှုန်း စျေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။