Main menu

Background

လက်ကျန်မြင့်တက်မှုကြောင့် စားအုန်းဆီ ဈေးနှုန်းကျဆင်း

Wed, 06/17/2015 - 21:30 -- journal_editor

    ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယအများဆုံး ဖြစ်တဲ့  မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်အခြေအနေက မေလမှာ ခြောက်လအတွင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိပြီး၊ လုပ်ငန်းကဏ္ဍမှ ထုတ်ပြန်တဲ့ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်း ကြိုဝယ်ဈေးက ဇွန်လ ၁၁ ရက်နေ့မှာ လေးရက်မြောက်နေ့ အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။
မလေးရှားနိုင်ငံရဲ့  စားအုန်းဆီ  လက်ကျန်က မေလ အကုန်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်ပြီး တန်ချိန် ၂ ဒသမ ၂၄ သန်းထိ ရောက်ရှိခဲ့ရာ နိုဝင်ဘာနောက်ပိုင်း အမြင့် ဆုံးအခြေအနေ  ဖြစ်ကြောင်း၊ မလေးရှားစားအုန်းဆီဘုတ် အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဈေးကွက်က ခန့်မှန်း ထားတဲ့ ၂ ဒသမ၁၄ သန်းအထက် ကျော်လွန်ခဲ့ပါတယ်။
လက်ကျန်မြင့်တက်မှုကြောင့်   ဇွန် ၈ ရက်က သုံးလ အတွင်း အမြင့်ဆုံးနှုန်းထိ ခေတ္တမြင့်တက်ခဲ့တဲ့ ဈေးနှုန်းကို ကျဆင်းစေခဲ့ပါတယ်။ စောစောပိုင်းက ဈေးနှုန်းမြင့်တက်ခဲ့ရ တဲ့ အဓိကအကြောင်းရင်းက ဇီဝဒီဇယ်အတွက် စားအုန်းဆီသုံးစွဲမှုမြင့်တက်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ရင်းဂစ်ငွေကြေး တန်ဖိုး ၉ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့လို့ဖြစ်ပါတယ်။  
''သိုလှောင်လက်ကျန်  မြင့်မားနေရတဲ့ အကြောင်း အရင်းက စားအုန်းဆီကြမ်းဈေးကို ကျဆင်းစေမယ့် ထုတ်လုပ် မှုက ခန့်မှန်းထားတာထက် ပိုမိုထွက်ရှိလာလို့ဖြစ်ပါတယ်''လို့ CIMB Investment Bank ရဲ့ ခြံကျယ်လုပ်ငန်းသုတေသန ဌာနအကြီးအကဲ  IVY Ng ါ က ပြောပါတယ်။
''ရာသီအလိုက် စားအုန်းဆီကြမ်း ထုတ်လုပ်မှုမြင့်မား တဲ့အတွက် ဇွန်လထဲမှာ စားအုန်းဆီ  သိုလှောင်လက်ကျန် ဆက်လက်မြင့်မားမယ်လို့ ခန့်မှန်းပါတယ်။ ဝယ်လိုအား ထူး ထူးခြားခြားမြင့်တက်မလာရင် ဒါမှမဟုတ် အယ်လ်နီညိုရာသီ ဥတုကြောင့် ထုတ်လုပ်မှုကို ထူးထူးခြားခြား မထိခိုက်ဘူးဆိုရင် စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနိုင်ပါတယ''လို့ Ngက ထပ်လောင်းပြောကြားပါတယ်။
ညနေဘက်ဈေးပိတ်ချိန်မှာ ဘာဆာမလေးရှား ကုန် စည်ဒိုင်ရဲ့ သြဂုတ်လအတွက် စားအုန်းဆီ  စာချုပ်ဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း  ကျဆင်းပြီး တစ်တန်ကို ၂၂၉၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၁၃ ဒသမ ၅၃ ဒေါ်လာ) ရှိခဲ့ပါတယ်။
စုစုပေါင်း ရောင်းဝယ်မှုပမာဏက   ၂၅ တန်ရှိ အတွဲ ၂၉၂၄၃ တွဲရှိခဲ့ရာ   ပုံမှန်ပျမ်းမျှရောင်းချနှုန်းဖြစ်တဲ့ အတွဲ ၃၅၀၀၀ အောက်ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇွန် ၁ ရက် မှ ၁၀ ရက်အတွင်း မလေးရှားစားအုန်းဆီ  ထုတ်လုပ်မှုက ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၄၆၈၉၇၅ တန်ထိရောက်ရှိခဲ့ တဲ့အနက် တင်ပို့တဲ့တန်ချိန် ၄၅၈၆၇၇ တန်ရှိခဲ့ရာ ယခင်လ အတွင်း အရောင်းကျဆင်းခဲ့တာကို ပြသနေကြောင်း၊ ဇွန် ၁၀ ရက်ကထုတ်ပြန်တဲ့  ကုန်စည် စစ်တမ်းကောက်ယူရေးအဖွဲ့Intertek Testing Service ရဲ့ အစီရင်ခံစာအရသိရပါတယ်။ အခြား  စစ်တမ်းကောက်ယူရေးအဖွဲ့ ှSociete Generale de Surveillance  အစီရင်ခံစာအရ  အလားတူကာလအတွင်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်တယ်လို့သိရပါတယ်။
အလားတူ ပြိုင်ဘက်သီးနှံတွေဖြစ်တဲ့ ပဲပုပ်ဈေးကွက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဇွန်လအတွက် ပဲပုပ်ဆီ စာချုပ် ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက်နဲ့ စက်တင်ဘာစာချုပ်ဈေးက အတက်အကျ မရှိတန့်နေပါတယ်။                              

               ဉာဏ်တင်