Main menu

Background

ထုတ်လုပ်မှု မြင့်တက်မည့် အလားအလာကြောင့်မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 01/26/2017 - 15:27 -- journal_editor

မလေးရှားရင်းဂစ် ငွေကြေးတန်ဖိုးမြင့်တက်မှုနှင့် စားအုန်းဆီထုတ်လုပ်မှုမြင့်တက်မည့်အလားအလာများကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက ဇန်နဝါရီ ၁၈ ရက်တွင် ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်း တွင် ဖော်ပြ ထားသည်။စားအုန်းဆီဈေးနှုန်းကို သတ်မှတ်ပေးသော ငွေကြေး ဖြစ်သည့် ရင်းဂစ်ငွေကြေးတန်ဖိုးသည် ဒေါ်လာနှင့် ဖလှယ်ရာ တွင် သုညဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်တစ် ဒေါ်လာကို၄ ဒသမ ၄၄၃၀ ရင်းဂစ်နှုန်းရှိခဲ့ရာ တစ်လကျော် အတွင်း တန်ဖိုးအမြင့်ဆုံးဖြစ်ခဲ့သည်။ရင်းဂစ်တန်ဖိုးမြင့်တက် ပါက   အခြားငွေကြေးဖြင့်  ဖလှယ်၍ ဝယ်ယူရမည့်သူများ အတွက် စားအုန်းဆီဈေးနှုန်းကြီး မြင့်လေ့ရှိသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင်    (Bursa Malaysia Derivatives Exchange) တွင်  စားအုန်းဆီအခြေခံစံထား ဈေးနှုန်း သည် ဇန်နဝါရီ ၁၈ ရက်ဈေးပိတ်ချိန်က သုညဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၃၁၅၀ ရင်းဂစ် (အမေရိ ကန်ဒေါ်လာ ၇၀၉) နှုန်းရှိခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်ညနေပိုင်း ဈေးပိတ်ချိန်တွင်ရှိသော စုစုပေါင်း ရောင်းဝယ်မှုပမာဏမှာ ၂၅ တန်ရှိအတွဲ ၄၄၀၁၂ တွဲရှိခဲ့သည်။
''ဖေဖော်ဝါရီ-မတ် ကာလကစပြီး    ထုတ်လုပ်မှုတွေ စတင်မြင့်တက်လာနိုင်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလပြီး နောက်ပိုင်း ဈေးနှုန်းပြန်လည်မြင့်တက်ပြီး နောက်ပိုင်းမှာ ဈေးနှုန်းတွေ ပြန်ကျမယ်လို့ ခန့်မှန်းထားပါတယ်''ဟု ကွာလာ လမ်ပူမှ ကုန်သည်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၈ရက်တွင် စတင်ကျင်းပသည်။ မကြာသေးမီလများအတွင်း က အယ်လ်နီညိုရာသီဥတု သွင်ပြင်လက္ခဏာများကြောင့် စား အုန်းဆီရောင်းလိုအားများ  ကျဆင်းခဲ့သည်။   ကမ္ဘာတွင် စားအုန်းဆီဒုတိယအများဆုံး ထုတ်လုပ်သော မလေးရှားနိုင်ငံ ၏ ဒီဇင်ဘာစားအုန်းဆီထုတ်လုပ်မှုမှာ ယခင်လနှင့် နှိုင်းယှဉ် ပါက ၆ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်တို့တွင် အယ်လ်နီညိုအသွင်သဏ္ဍာန် ပျောက်ကွယ်ပြီး သီးနှံအထွက် ပြန်လည်နာလန်ထူလာမည်ဖြစ်သဖြင့် ထုတ်လုပ်မှုပြန်လည် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်က တန်ချိန် ၁၇ ဒသမ ၄ သန်းထုတ်လုပ်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၁၉ ဒသမ ၄ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားသည့်အတွက် ၁၂ ရာခိုင်နှုန်းမြင့်တက်မည်ဟု ဇန်နဝါရီ ၁၇ ရက်က ကွာလာလမ်ပူ တွင် ကျင်းပသော ကွန်ဖရင့်တစ်ခုတွင် မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့ (MPOB) ပြောသည်။   ကိန်းဂဏန်းအချက် အလက်များအရ စားအုန်းဆီအမြင့်ဆုံးဈေးနှုန်းမှာ တစ်တန် ကို ၃၁၆၉ ရင်းဂစ်ထိ ရောက်ရှိမည်ဟု ရိုက်တာသတင်းဌာနမှ လေ့လာဆန်းစစ်ရေးမှူး ဝမ်တောင်ကပြောသည်။
ပဲပုပ်ဆီဈေးနှုန်းအခြေအနေကိုကြည့်ပါက   အမေရိ ကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့  (CBOT) တွင် မတ်လအတွက် ကြိုရောင်းဈေးမှာ သုညဒသမ ၄ ရာခိုင် နှုန်းမြင့်တက်ပြီး တရုတ်နိုင်ငံ   ဒါလီယံကုန်စည်ဒိုင်တွင် မေ အတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးမှာ သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။                                               
 ဉာဏ်တင်