Main menu

Background

ပဲပုပ်ဆီဈေး ကျဆင်းမှုနှင့်အတူ စားအုန်းဆီဈေးလည်းရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးသို့ လိုက်ပါကျဆင်း

Thu, 06/01/2017 - 13:27 -- journal_editor

       အေမေရိကန်နိုင်ငံ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ နှင့် တရုတ်နိုင်ငံဒါလီယံဈေးကွက်တွင် ပဲပုပ်ဆီဈေးကျဆင်း မှုကြောင့် မလေးရှားစားအုန်းဆီဈေးလည်း မေ ၂၄ ရက်က တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ရာ ရက်သတ္တသုံး ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း မလေးရှားစတားအွန် လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် သြဂုတ်အတွက် စာချုပ်ချုပ်ဆို သော အခြေခံစံထားဈေးးနှုန်းမှာ မေ ၂၄ ရက်ဈေးပိတ်ချိန်တွင်  ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ  ၆၀ ၁ ဒသမ ၄၉ ) နှုန်းသို့ ရောက်ရှိကာ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ မေ ၂၄ ရက်စောစောပိုင်းက ဈေးကွက်တွင်  စားအုန်းဆီ တစ်တန်ကို ၂၅၇၉ ရင်းဂစ်နှုန်းထိ ရောက်ရှိခဲ့ရာ မေ ၅ ရက် နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည်။ ထိုနေ့က ရောင်းချခဲ့ရသော စားအုန်းဆီ ပမာဏမှာ ၂၅ တန်ရှိအတွဲပေါင်း ၄၇၂၅၇ တွဲရှိခဲ့သည်။
      "ပြည်ပမှာဖြစ်ပွားနေတဲ့ အကြောင်းတရားတွေကြောင့် စားအုန်းဆီဈေး ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာတော့ ပို့ကုန်တွေမြင့်တက်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်"ဟု ပြည်ပဈေးကွက် ပဲပုပ်ဆီဈေးနှု န်းများ ကျဆင်းမှုကိုရည်ညွှန်း၍ ကွာလာလမ်ပူရှိ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးကပြောသည်။ ကမ္ဘာပေါ်တွင် စားအုန်းဆီ ဒုတိယအများဆုံးထုတ် လုပ်သောနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့ မှုမှာ ယခင်လ ကာလတူနှင့်နှိုင်းယှဉ်ပါက မေ ၁ ရက်မှ ၂၀ ရက်အတွင်း ၁၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ သည်။ စားအုန်းဆီကို အဓိကစားသုံးသည့် နိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် ယခု သီတင်းပတ်၌ စတင်မည့် ရာမာဒမ် ဥပုသ်လမတိုင်မီ စားသုံး ဆီ ဝယ်လိုအားမြင့်တက်လိမ့်မည်ဟု ကုန်သည်တို့က ခန့်မှန်းထားသည်။
         စားအုန်းဆီဈေးနှုန်းသည် အနိမ့်ဆုံးအဖြစ် တစ်တန်ကို ရင်းဂစ် ၂၆၀၀ အထိရောက်ရှိနိုင်ပြီး ဆက်လက်ကျဆင်းမည်ဆိုပါက နောက်တစ်ကြိမ်ကျဆင်းမည့်အနိမ့်ဆုံးဈေးနှုန်းမှာ တစ်တန်ကို ၂၅၅၈ ရင်းဂစ်အထိ ရောက်ရှိနို င်ကြောင်း ရိုက်တာသတင်းဌာနမှ လေ့လာဆန်းစစ်ရေးမှူး ဝမ်တောင်း က ပြောသည်။ ပဲပုပ်ဆီဈေးကွက်ဖြစ်သော ချီကာဂိုဈေးကွက်တွင် ပဲပုပ်ဆီဈေးက အတက်အကျမရှိ တန့်နေပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက်တွင် စက်တင် ဘာအတွက်ကြိုတင်စာချုပ် ဖြင့်ရောင်းချဈေးမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

 

ဉာဏ်တင်