Main menu

Background

အခြားဆီဈေးနှုန်းများ ကျဆင်းမှုကြောင့် စားအုန်းဆီဈေးပါ လိုက်ပါကျဆင်း

Wed, 08/26/2015 - 16:27 -- journal_editor

     မလေးရှားနိုင်ငံရဲ့ ပို့ကုန်ကိန်းဂဏန်းတွေ ယခုရက်သတ္တပတ်အကုန်မှာ ထုတ်ပြန်ကြေညာမှာဖြစ်လို့ ပို့ကုန်အခြေအနေကို မသိရသေးပါဘူး။  ဒါပေမယ့် ရေနံစိမ်းနဲ့ အခြားပြိုင်ဘက် စားသုံးဆီဈေးတွေ ကျဆင်းနေတဲ့အတွက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ် စာချုပ်ဈေးကလည်း သြဂုတ် ၁၉ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် စာချုပ် တဲ့ စားအုန်းဆီရဲ့ အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို မလေးရှားရင်းဂစ် ၂၀၃၄  (အမေရိကန်ဒေါ်လာ ၄၉၅ ဒသမ ၈၆) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း စားအုန်းဆီဈေးက တစ်တန်ကို ၂၀၂၄ ရင်းဂစ်အထိ ကျဆင်းခဲ့ရာမှ ဈေးပိတ်ချိန်မှာ ပြန်လည်မြင့်တက်လာပါတယ်။
     သြဂုတ်လ ၁၉ ရက်နေ့မှာ ရောင်းချရတဲ့ပမာဏက ၂၅ တန်ရှိအတွဲ ၄၃၆၇၃တွဲရှိခဲ့တဲ့အတွက် တစ်ရက် ပျမ်းမျှရောင်းရနှုန်းဖြစ်တဲ့ အတွဲ ၃၅၀၀၀ ထက် များစွာသာလွန်နေတာကို တွေ့ရပါတယ်။ "အခုအခြေအနေကတော့ ပဲပုပ်ဆီဈေးကွက်မှာ ဖြစ် နေတဲ့အတိုင်းပါပဲ။ သြဂုတ်လ ၂၀ ရက်နေ့မှာ သြဂုတ် ပထမ ၂၀ ရက်အတွက် ပို့ကုန်ကိန်းဂဏန်းတွေ ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်က အခြေအနေအရဆိုရင် တော့ အလားအလာ မကောင်းပါဘူး"လို့ ကွာလာလမ်ပူမှ နိုင်ငံခြားကုန်သည်တစ်ဦးက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စက်တင်ဘာ ပဲပုပ်ဆီ စာချုပ်ဈေးက အာရှဈေးကွက်မှာ သုည ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်မှာ ပဲပုပ်ဆီ ကြိုရောင်းဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
     "ရေနံစိမ်းနဲ့ ဒါလီယံဈေးကွက်မှာ ပဲပုပ်ဆီဈေး  ကျဆင်းမှုတွေက ဈေးနှုန်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်"လို့ အခြားစားအုန်းဆီကုန်သည်တစ်ဦးက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရောင်းလိုအား အလျှံပယ်မြင့် တက်မှု၊ အာရှနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဝယ်လိုအားကျဆင်းမှုတို့ကြောင့် ရက်သတ္တပတ်ခြောက်ပတ်ခန့် ဈေးနှုန်း  မတည်မငြိမ်ဖြစ်ခဲ့ပြီး စားအုန်းဆီဈေးက သြဂုတ်လ ၁၉ ရက်မှာ ပြန် လည်မြင့်တက်လာခဲ့ပါတယ်။ စားအုန်း ဆီအနိမ့်ဆုံးဈေးက တစ်တန်ကို ၂၀၁၇ ရင်း ဂစ်အောက်ကျသွားမယ်ဆိုရင်တော့ နောက်တစ်ကြိမ်ကျမယ့်နှုန်းက ၁၉၉၇ ရင်းဂစ်ထိ ရောက်သွားနိုင်ကြောင်း ရိုက်တာမှ ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုကပြောပါတယ်။
စားအုန်းဆီ ထိပ်တန်းဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် စိုးရိမ်မှုတွေရှိနေတဲ့အတွက် ဖြစ်ပေါ် ရတဲ့ ဝယ်လိုအား အလားအလာ  မရေရာမှုကလည်း စားအုန်းဆီ ကုန်သည်တို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
 

 

ဉာဏ်တင်