Main menu

Background

ပြည်ပတင်ပို့မှုကျဆင်းလာတာကြောင့် စားအုန်းဆီဈေးကျဆင်း

Fri, 10/09/2015 - 21:22 -- journal_editor

        မလေးရှားပို့ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိန်းဂဏန်း တွေက မူလခန့်မှန်းချက်ထက်ပိုမိုကျဆင်းခြင်းနဲ့ မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုကို အခွင့်ကောင်းယူပြီး စားအုန်းဆီကို ကုန်သည်တို့က ပြန်လည်ရောင်းချခြင်းစတဲ့ အခြေအနေများကြောင့် မလေးရှားစားအုန်းဆီကြိုရောင်းဈေးက စက်တင်ဘာ ၃၀ရက်မှာ ဆက်လက်ကျဆင်းလာတာကို တွေ့ရကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia  Derivatives Exchange) ရဲ့ ဈေးပိတ်ချိန်မှာ ဒီဇင်ဘာလအတွက် ကြိုတင်ချုပ်ဆိုတဲ့စာချုပ်ဈေးက ၃ ဒသမ ၁ ရာခိုင် နှုန်းကျဆင်းပြီး တစ်စည်ကို ၂၃၇၄ ရင်းဂစ်  (အမေရိကန် ဒေါ်လာ ၅၄၀) နှုန်းထိရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၉ ရက်က ရောင်းဈေးမှာ အများအားဖြင့် တစ်စည်ကို ၂၄၆၀ ရင်းဂစ်ထိရောက်ရှိပြီး ၁၅  လအတွင်း  အမြင့်ဆုံးဈေး နှုန်းအဖြစ် တည်ရှိခဲ့ပါတယ်။
     ""ဒီနေ့ဈေးက  ပို့ကုန်ကိန်းဂဏန်းတွေနဲ့ ဒီပို့ကုန်ကိန်း ဂဏန်းအခြေအနေအရ တချို့က အမြတ်ရတုန်း စုပြုံရောင်းချလာတဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းလာတာ ဖြစ်ပါတယ်''လို့ ကွာလာလမ်ပူရှိ နိုင်ငံခြား ကုန်စည်ရောင်း ဝယ်ရေးအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။အောက်တိုဘာ ၁ ရက်မှာ ရောင်းချခဲ့တဲ့ စားအုန်းဆီ ပမာဏက ၂၅ တန်ရှိအတွဲ ၆၀၉၂၀ ရှိတဲ့ အတွက် ပုံမှန်နေ့စဉ် ပျမ်းမျှရောင်းချရနှုန်းဖြစ်တဲ့ ၃၅၀ဝဝအထက်မှာ ရှိနေပါတယ်။
မလေးရှားစားအုန်းဆီထုတ်ကုန်များရဲ့ ပြည်ပတင်ပို့မှုက ဩဂုတ်လနဲ့နှိုင်းယှဉ်ရင်  စက်တင်ဘာလမှာ သုည ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့မယ်လို့  ကုန်စည်စစ်တမ်းကောက်ယူ ရေးအဖွဲ့  Intertek Testing Services က ခန့် မှန်းပြီး Societe Generale de Survillance က သုည ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ စားအုန်းဆီဈေးက   စက်တင်ဘာ၂၉ရက်နေ့အထိ ခြောက်ရက်ကြာ ဆက်တိုက်မြင့်တက်ခဲ့ပေမယ့်  စက်တင်ဘာ ၃၀ ရက်မှာ ကျဆင်းခဲ့ပါတယ်။ လအလိုက် ကြည့်မယ်ဆိုရင် ယခုလမှာ စားအုန်းဆီဈေးက ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့ အတွက် ၂၀ဝ၉ခုနှစ် ဧပြီနောက်ပိုင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အယ်လ်နီညိုရာသီဥတုပုံစံ ဖြစ်ပေါ်လာမယ့် အခြေအနေကြောင့် အရှေ့တောင်အာရှမှာ အပူချိန်မြင့်တက်ပြီး  စားအုန်း ဆီအထွက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စားအုန်းဆီ ဈေးမြင့်တက်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ခန့်မှန်းကြပါတယ်။
       အယ်နီညိုရာသီဥတုက မလေးရှားစားအုန်းဆီထုတ် လုပ်မှုကို ၂၀၁၆ခုနှစ်မှာ တန်တစ်သန်းလျော့ကျစေကာ တန်ချိန် ၁၉ သန်းအထိ ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းကြပါ တယ်။ ၂၀၁၆ ခုနှစ်မှာ စားအုန်းဆီဈေးက ရင်းဂစ် ၃၀ဝ၀ အထိရောက်ရှိလိမ့်မယ်လို့ စားအုန်းဆီလုပ်ငန်း ကွန်ဖရင့်ရဲ့ အလွတ် သဘောတွေ့ဆုံပွဲမှာ မလေးရှားစားအုန်းဆီကောင်စီ  အမှု ဆောင်ချုပ်က ပြောပါတယ်။ အယ်လ်နီညိုရာသီဥတု  အခြေအနေကြောင့် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာမှာစားအုန်းဆီ အများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုက ငါးရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးမီ အချိန်ကမြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးက အရှိန်ကုန်သွားပြီဖြစ်ပါတ ယ်။ နောက်ပိုင်းမှာ အယ်လ်နီညိုရာသီဥတု အခြေအနေက ဈေး နှုန်းအတက်အကျပေါ်မှာ ဩဇာလွှမ်းမိုးမှု ရှိနိုင်ပါတယ်။ တရုတ်နိုင်ငံက စားအုန်းဆီ ဝယ်လိုအားများတဲ့အတွက် တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့ပိတ်ရက်ကြောင့် လာမ ယ့်ရက် တွေမှာ စားအုန်းဆီဝယ်လိုအား ကျဆင်းနိုင်ပါတယ်။ တခြား စားသုံးဆီသီးနှံဈေးကွက်တွေကိုကြည့်ရင် အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီရဲ့ ဒီဇင်ဘာ စာချုပ်ဈေးက သုည ဒသမ ၉၂ ရာခိုင်နှုန်း  ကျဆင်းပြီး ဒါလီယံ ကုန် စည်ဒိုင်မှာ စားအုန်းဆီဈေးက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပါတယ်။

 

ဉာဏ်တင်