Main menu

Background

စားအုန်းဆီဈေးနှုန်းမြင့်တက်သော်လည်း ဈေးကွက်၏ အခြေခံအားနည်းမှုများက ဈေးနှုန်းကျဆင်းမှုကို ဖန်တီးလျက်ရှိ

Tue, 06/13/2017 - 13:58 -- journal_editor

     စားအုန်းဆီ ထုတ်လုပ်မှုနှင့်ပို့ကုန်ဝယ်လိုအား ကျဆင်းမှုက ဈေးကွက်အပေါ်တွင် ဂယက်ရိုက်ခတ်မှုများရှိနေသော် လည်း ရင်းနှီးမြှုပ်နှံသူတို့က ပြန်လည်ပေးဆပ်ရန် ရှိသည့် စားအုန်းဆီများ၊ ရှယ်ယာများကို ပြန်လည် ဝယ်ယူ လာကြသည့်အတွက် ဇွန် ၈ ရက်တွင် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးကွက်တွင် စားအုန်းဆီဈေးများ ပြန်လည်မြင့်တက်လာသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် သြဂုတ်လအတွက် စာချုပ်ချုပ်ဆိုဝယ်ယူသောစားအုန်း ဆီ၏ အခြေခံစံထား ဈေးနှုန်းမှာ ဇွန် ၈ ရက် နေ့လယ်ဈေးကွဲချိန်က ၁၂ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၂၄၅၈ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၆) နှုန်းရှိခဲ့သည်။ကုန်သွယ်မှု ပမာဏမှာ၂၅တန် ရှိအတွဲပေါင်း ၂၀၃၇၁ တွဲရှိခဲ့သည်။ ဇွန် ၇ရက်နေ့က စားအုန်းဆီကြိုရောင်းဈေး၏တစ်ရက်အတွင်း ကျဆင်းမှုမှာ ရက်သတ္တနှစ်ပတ်အတွင်းတွင် အနိမ့်ဆုံးဖြစ်ခဲ့သည်။
         "ဇွန် ၁ ရက်မှ ၁၀ ရက်အတွင်း စားအုန်းဆီတင်ပို့မှု ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ကြတဲ့အတွက် ဈေးကွက်အပေါ်မှာ ဖိအားပေးပြီး ဂယက်ရိုက်ခတ်မှုရှိခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့က စားအုန်းဆီကို ပြန်လည်ဝယ်ယူ လာ ကြတဲ့ အတွက် စားအုန်းဆီဈေးက တစ်တန်ကို ရင်းဂစ် ၂၄၅၀ ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်"ဟု ကွာလာလမ်ပူ အခြေစိုက်ကုန်သည် တစ်ဦးက ပြောသည်။ မလေးရှား စားအုန်းဆီဈေးကွက်မှာ ဇွန် ၁၂ ရက်တွင် အားလပ်ရက် အဖြစ် ပိတ်ထားမည်ဖြစ်သည်။
        စားသုံးမှုကျဆင်းခြင်းနှင့် ဝယ်လိုအားကျဆင်းခြင်းတို့ ကြောင့် အစ္စလာမ်အခါကြီးရက်ကြီးဖြစ်သော အစ်ပွဲတော်ပြီး နောက်ပိုင်းစားအုန်းဆီတင်ပို့မှုများ ကျဆင်းလေ့ရှိသည်။ ရာမာဒန်ပွဲတော်အတွက် ဝယ်လိုအားကြောင့် မေ လ အတွင်းက စားအုန်းဆီဈေးများ မြင့်တက်ခဲ့သည့်အတွက် ပို့ကုန်တင်ပို့မှုမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက  ၁၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၄၆ သန်းရှိခဲ့သည်။ စားအုန်းဆီ ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေသော အယ်လ်နီညိုဒဏ်မှ ပြန်လည်နာလန်ထူလာပြီဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် စားအုန်းဆီကို ဒုတိယအများဆုံး ထုတ်လုပ်သော မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှု မှာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် မြင့်တက် ခဲ့သည်။ မေစားအုန်းဆီထုတ်လုပ်မှုကို ယခင်လနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ၆၃ သန်းအထိ ရောက်ရှိနိုင်ကြောင်း စိုက်ပျိုးသူများ၊ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူများအား ကောက် ယူထားသော ရိုက်တာသတင်းဌာန၏စစ်တမ်းအရသိရသည်။ အခြားဟင်းရွက်ဆီဖြစ်သော ပဲပုပ်ဆီဈေးမှာ အမေရိကန်နိုင်ငံချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့တွင် သုညဒသမ ၂၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် စက်တင် ဘာအတွက် ကြိုရောင်းဈေးမှာ သုညဒသမ ၃၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။

 

ဉာဏ်တင်