Main menu

Background

စိုက်ပျိုးရလွယ်ကူ၊ လျင်မြန်စွာငွေဝင်တဲ့ မုန်ညင်းကြီး

Mon, 01/07/2019 - 13:26 -- journal_editor

    အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီးများနဲ့ စိုက်ပျိုးလာတာ တွေ့ရ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကို အမျိုးမျိုး စီမံစားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန်ညင်းကို  အချဉ်တည်  စဉ့်အိုး များနဲ့လှောင်ပြီး  နှစ်ပေါက်ရောင်းချတဲ့သူများ ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး  ရက်ခြောက်ဆယ်ခူးဆွတ်ရောင်းချရတဲ့အတွက်  လျင်မြန်စွာ  ငွေဝင်တဲ့ သီးနှံဖြစ် ကြောင်းသိ ရပါတယ်။
   ''မုန်ညင်းကြီးမျိုးကို စိုက်ပျိုးရေးမျိုးဆိုင်ကြီးများမှာ တစ်ထုပ် ငါးထောင်ကျပ်နဲ့ ဝယ်ပါတယ်။ တစ်ထုပ် တစ်ဧကစာ အပင်အရေအတွက် မခန့်မှန်းနိုင်ပေမယ့် ပိဿာချိန် ငါးရာထွက်ပါတယ်။ စိုက်ပျိုးရလွယ်ပါတယ်။ မြေပြင်နွားချေး ဆယ်စီး ခန့် ဖြန့်ခင်းပျိုးစေ့ချ ကောက်ရိုးအုပ်ပြီး ရေပါးပါးလောင်းပေးရပါတယ်။ နောက် နှစ်လဆို ခူးဆွတ်လို့ရပါပြီး၊ တစ်ဧကကုန်ကျစရိတ် တစ်သိန်းခန့် ကုန်ကျပါတယ်။ လက်ရှိပေါက်ဈေး တစ်ပိဿာ တစ်ထောင်ရောင်းရတော့ တစ်ဧကလေးသိန်းကျော် အကျိုးအမြတ်ရှိပါတယ်။ အချဉ်တည် ရောင်းချတဲ့ လုပ်ငန်းရှင်များက အခင်းပြတ် ဝယ်ကြပါတယ်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမောက် မြို့ကြီးများက အဝယ်များပါတယ်''လို့ တောင်သူ ဦးကျော်မင်းစိန်က ပြောပါတယ်။
   မုန်ညင်းမှာ ဒေသအခေါ်အရ ကိုက်လန်၊ ရိုးတံရှည်၊ မုန်ညင်းသီး၊ မုန်ညင်းကြီး အမျိုးမျိုးရှိပေမယ့် နှစ်ပေါက်မုန်ညင်းချဉ်ပြုလုပ်တာ မုန်ညင်းကြီးတစ်မျိုးသာဖြစ်တဲ့အတွက် ဈေးကွက်ဝင်လျင်မြန်စွာငွေဝင်တဲ့ မုန်ညင်းကြီးကို တောင်သူ များ တိုးချဲ့ စိုက်ပျိုးသင့်တယ်လို့ သိရပါတယ်။         

ကြည်နိုင်ဦး (အင်းတော်)