Main menu

Background

ဆိပ်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိနေ

Mon, 04/01/2024 - 11:37 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အတွင်းရှိ ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ရေလယ်တောင်၊ ကျစ်ပြင်၊ ချင်တောင်၊ အောက်ဆိပ်၊ ဇီးကပ် ကျေးရွာများတွင် နှစ်စဉ်ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ ကုန်စိမ်းသီးနှံ ရာသီစာကန်စွန်းဥ စိုက်ခင်းများကို လည်း ကိုင်းကျွန်း၊ သဲ၊ နုံး မြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း ကန်စွန်းဥ စိုက်ခင်းများကို ဒေသစီးပွားဖြစ် အမြောက်အမြား နှစ်စဉ်စိုက်ပျိုးကြပြီး ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃တွင် စိုက်ဧက ၂၀ဝ၀ ခန့်စိုက်ပျိုးပြီး ကန်စွန်းဥ အထွက် ကောင်းပြီး ဈေးကွက်ကောင်းမွန်ခြင်းကြောင့် ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တွင် စိုက်ဧက  ၂၅၀ဝ ခန့်ထိ တိုးချဲ့စိုက်ပျိုးထား ကြောင်း သိရသည်။
စိုက်တောင်သူများသည် ကန်စွန်းဥမျိုးအနေဖြင့် ရွှေဝါ နှင့် ငချိတ်မျိုးကို အများဆုံးစိုက်ပျိုးပြီး ကန်စွန်းတစ်ညွန့်လျှင် ရှစ်ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းညွန့် သုံးသောင်းခွဲခန့်  ဝင်ဆန့်စိုက်ပျိုးရကြောင်း၊ ဥစားကန်စွန်းညွန့်များကို  မြစ်ရေကျချိန် အောက်တိုဘာလ ကုန်မှ နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဖေဖာ်ဝါရီလမှ မတ်လအတွင်း တူးဖော်ရကြောင်း ကန်စွန်းဥများ အချိုလေး၍ အရသာရှိစေရန်အတွက် စိုက်ခင်းများကို တောင်သူများအနေ ဖြင့် ရေသွင်းစိုက်ပျိုးခြင်းမရှိဘဲ မြေအောက်ရေဖြင့်သာ စိုက် ပျိုးပြီး သုံးလအကြာတွင် ကန်စွန်းဥများ တူးဖော်ကြောင်း သိရ သည်။
အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ယခုနှစ်ပိဿာချိန် ၃၀ဝ၀-၃၅၀ဝ ခန့်ထွက်ရှိပြီး သီးနှံပေါ်စ ဒေသပေါက်ဈေးမှာ ကန်စွန်းဥအကြီးအသေးနှင့် အရည်အသွေးလိုက်၍ လက် ကားဈေး တစ်ပိဿာ ငွေကျပ် ၈၀ဝ-၁၅၀ဝ ဖြင့် ရောင်းချရ ကြောင်း၊ ယခင်နှစ် အထွက်နှုန်းမှာ စိုက်ခင်းအတွင်း မြစ်ရေ ဝင်ချိန်မရှိခဲ့၍ ပျမ်းမျှပိဿာ ၃၀ဝ၀  ခန့်သာ ထွက်ရှိခဲ့ပြီး   ဒေသပေါက်ဈေးမှာ တစ်ပိဿာ   ကျပ်  ၈၀ဝ-၈၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကန်စွန်းဥ စိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေ ဖြင့် ယခင်နှစ် ကျပ်ငါးသိန်းခန့် ကုန်ကျခဲ့ကြောင်း၊ ယခုနှစ်တွင် ကျပ်ကိုးသိန်းခန့် ကုန်ကျခဲ့ ကြောင်း ဝင်ငွေအနေဖြင့် တောင်သူတစ်ဦးတစ်ဧက ပျမ်းမျှ ပိဿာ ၃၀ဝ၀ ထွက်ရှိပြီး တစ်ပိဿာ လက်ကားဈေး ကျပ် ၁၂၀ဝ ဖြင့် ရောင်းချရ၍ ကျပ် ၃၆ သိန်းခန့် ဝင်ငွေရရှိပြီး ကျပ် ၂၇ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း ဒေသခံ တောင်သူ တစ်ဦးထံမှ သိရသည်။
ယခုနှစ် ကန်စွန်းဥစိုက်တောင်သူများမှာ စိုက်ပျိုးမြေ များ၌ မြစ်ရေတက်ချိန်တွင် စိုက်ခင်းများ အတွင်း မြစ်ရေဝင် ခြင်းကြောင့် မြေအောက်ရေရရှိခြင်းအပြင် ရာသီဥတုကောင်း မွန်၍ ယခင်နှစ်ထက် ကန်စွန်းဥအထွက်နှုန်း  ကောင်းပြီး သီးနှံပေါ်ချိန် စိုက်ခင်းထွက်ကန်စွန်းဥများ ဈေးကောင်းရရှိ၍ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရာသီစာကန်စွန်းဥစိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြောင်း သိရှိရသည်။

မြင့်မြင့်သန်း(ပခုက္ကူ)