Main menu

Background

ရွှေဘိုမြို့တွင် အာတာလွတ်ဥများ အရောင်းအဝယ်ဖြစ်လျက်ရှိ 

Tue, 12/13/2022 - 12:02 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ ဈေးကြီးအနီးပတ်ဝန်းကျင်နှင့် မြို့တွင်းရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ် အာတာလွတ်ဥများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။ 
အာတာလွတ်ဥသည် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုကြောင်းလည်း သိရသည်။ အာတာလွတ်ဥကိုပြုတ်၍ ဓားဖြင့်ပါးပါးလွှာပြီး မြေပဲဆန်ထောင်း၊ နှမ်းထောင်း၊ ဆီနှင့် ဆားတို့ဖြင့် ရောနယ်၍လည်းကောင်း၊ အာတာလွတ်ဥကိုထောင်းပြီး ဆား၊ အချိုမှုန့် စသည့် ကြိုက်နှစ်သက်ရာ အရသာမှုန့်ဖြင့် ရောနယ်၍ အပြား သို့မဟုတ် အလုံးကလေး များပြုလုပ်ကာ ကြော်စားခြင်းအပြင် အာတာလွတ်ဥကို အချောင်းလိုက်လွှာပြီး အကြော်မှုန့်၊ ဆန်မှုန့်တို့နှင့် ရောနယ်၍ အကြော်ကြော်ပြီး မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးပြုလုပ်ကာ သရေစာအဖြစ်စားသုံးကြကြောင်း၊  အာတာလွတ်ဥကို အမှုန့်ပြုလုပ်၍လည်း ရောင်းချကြသည့်အပြင် သရေစာအဖြစ်စားသုံးနိုင်ရန်  မိုးကုတ်ဒေသ၌  အာတာလွတ်ဥကို ထောင်း၍ အပြားကြော်ခြင်းနှင့် ခြစ်ဖြင့်ခြစ်၍ အခြစ်ကြော်များကို အစပ်နှင့် အချိုဟူ၍ နှစ်မျိုးပြုလုပ်ပြီး မိမိကုန်အမှတ်တံဆိပ်ဖြင့် အထုပ်ကလေးများထုပ်၍ ရောင်းချသည်ကိုလည်း တွေ့ရသည်။ 
ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသော အာတာလွတ်ဥများသည်  မန္တလေးတိုင်းဒေသကြီး   မိုးကုတ်ဒေသမှ မှာယူရောင်းချကြောင်း၊ မိုးကုတ်၌ ပိဿာ ၂၀ ခန့်ပါရှိသည့် အာတာလွတ်ဥ တစ်တင်းခွဲဝင် တစ်အိတ်လျှင် ယခင်ပေါ်ခါစက ကျပ် ၂၀ဝ၀ဝ ရှိကြောင်း၊  ယခုအချိန်တွင် အာတာလွတ်ဥများ လှိုင်လှိုင်ပေါ်ပြီဖြစ်၍ တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ သာရှိကြောင်း၊ မိုးကုတ်မှရွှေဘိုသို့ ကားခအနေဖြင့် ဒိုင်နာကားဖြင့် သယ်ယူပါက မြို့ပေါ်ရှိ ဖောက်သည်ပေးမည့်နေရာအရောက် တစ်အိတ်လျှင် ကျပ် ၂၅၀ဝ ပေးရပြီး ခရီးသည်တင်ယာဉ်ဖြင့် သယ်ပါက တစ်အိတ်လျှင် ကျပ် ၃၅၀ဝ ပေးရ၍  ကားဝင်းအရောက်သာဖြစ်ကြောင်း၊ ရွှေဘိုမြို့၌ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးသည်များအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့် ရောင်းချလျက်ရှိပြီး ဈေးသည်တစ်ဦးလျှင် တစ်ရက် တစ်အိတ်ခွဲထက်မနည်း ရောင်းချရသဖြင့် သင့်တင့်သည့် အကျိုးအမြတ်များလည်းရရှိကြောင်း အာတာလွတ်ဥရောင်းချသည့် ဈေးသည်များထံမှ သိရသည်။     နှင်းနှင်းခိုင်(ရွှေဘို)