Main menu

Background

ပျော်ဘွယ်မြို့နယ်၏ ဆံပင်လုပ်ငန်း

Mon, 02/05/2024 - 09:58 -- journal_editor

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပျော်ဘွယ်မြို့ နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းအပြင် မိသားစု အပိုဝင်ငွေရရှိသော ဆံပင်လုပ်ငန်း ကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။ ဆံပင်လုပ် ငန်းကို ၁၉၉၇ ခုနှစ်ဝန်းကျင်ကတည်းက ပျော်ဘွယ်၊ သာစည် နယ်တစ်ဝိုက်တွင် စတင်ခဲ့သည်ဟု ဒေသခံများထံမှ သိရှိရ သည်။ သို့သော်လုပ်ငန်းမှာ   ဖွံ့ဖြိုးမှုမရှိခဲ့ဘဲ ၂၀ဝ၇ ခုနှစ်ခန့် လောက်တွင်မှစတင်၍ ဆံပင်ရုံများ၊ ဆံပင်ဒိုင်များ ပေါ်ပေါက် လာပြီး ဖွံ့ဖြိုးလာရာ ယနေ့အထိပင်ဖြစ်သည်။ 
ယခုအချိန်တွင် ဆံပင်လုပ်ငန်းမှာ ပျော်ဘွယ်မြို့နယ် အပြင်၊ ရမည်းသင်း၊ မိတ္ထီလာ၊ သာစည်မြို့နယ်များအထိပါ တစ်ဟုန်ထိုးများလာပြီး တွင်ကျယ်စွာလုပ်ကိုင်လာကြ သည်။  ပျော်ဘွယ်မြို့နယ်မှ လုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ ဆံပင် လုပ်ငန်းနှင့် ပျော်ဘွယ်သည် ခွဲခြား၍မရအောင်  အတူရှိနေ သည်ဟု   ဆိုရလောက်အောင်အထိပင်ဖြစ်ကြောင်း  သိရ သည်။
ကျေးရွာများရှိ  ဆံပင်လုပ်ငန်း လုပ်ကိုင်သူများသည် ကုန်ကြမ်းကို ပျော်ဘွယ်မြို့နှင့် ကျီးနီကျေးရွာ ဆံပင်ဒိုင်များမှ တစ်ပိဿာလျှင် ကျပ်လေးသိန်းခွဲဈေးဖြင့် ဝယ်ယူရပြီး ရရှိ လာသော ကုန်ကြမ်းများကို အဆင့် ငါးဆင့်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရသည်။ (၁) ဆံရှင်းခြင်း၊ (၂) ခုံဆွဲခြင်း၊ (၃) အတို အရှည်ရွေး ထုတ်ခြင်း၊ (၄) ခေါင်းညှိခြင်း၊ (၅) ခုံအချောဆွဲခြင်း စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ကုန်ချော ထွက်ရှိလာ သည်။
ဆံပင်ရှင်ခြင်းအဆင့်တွင် အထွေးလိုက်ဖြစ်နေသည့် ဆံပင်များကို  ဒေသအခေါ်  ပေါင်းဆေး၊ ချွတ်ဆေးများနှင့် ၄၅ မိနစ်မှ တစ်နာရီခန့်အကြာစိမ်ထားပြီး အပ်များကို အသုံး ပြုကာ တစ်မျှင်ချင်းစီဆွဲ၍ ဖွရသည်။ ခုံဆွဲခြင်းအဆင့်တွင် ဖွရာမှရရှိလာသောဆံပင်များကို သံချောင်းအပ်များကို အသုံး ပြု၍ ဆံပင်ဖြီးသည့် ဘီးကဲ့သို့ဖြစ်အောင်ထောင်၍ ပြုလုပ် ထားသည့်  ခုံဟုခေါ်သော စင်ပေါ်တွင် ခုံဆွဲခြင်းလုပ်ငန်းကို ပြုလုပ်ရသည်။ ခုံဆွဲ၍ရလာသည့် အတိုအရှည်မညီသော ဆံပင်စည်းများကို ၁၀ လက်မမှ ၃၀ လက်မအထိ (၂) လက်မ စီခြား၍ အတိုအရှည်ခွဲခြားရသည်။ ခွဲခြားရရှိလာသော ဆံပင် များကို  အရွယ်အစားအလိုက် ညီညာအောင် ခေါင်းညှိခြင်း ပြုလုပ်ရသည်။ ခေါင်းညှိပြီး ဆံပင်များကို နောက်ဆုံးအဆင့် ခုံအချောဆွဲခြင်း ပြုလုပ်ပြီးလျှင် ကုန်ချောအဖြစ်ရောက်ရှိပြီး လုပ်ဆောင်မှု အဆင့်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရသည်။
ထွက်ရှိလာသော ကုန်ချောဆံပင်များကို ကုန်ကြမ်းဝယ် ယူခဲ့သည့် ဆံပင်ဒိုင်များထံတွင် ပြန်လည်ရောင်းချကြကြောင်း၊ လက်မ ၃၀ ရှိ ဆံပင် တစ်ပိဿာလျှင် ကျပ် ၂၇ သိန်း၊  ၁၀ လက်မဆိုဒ် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ဝ စသည်ဖြင့် လက်မ အတိုအရှည်ပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲသွားကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ကုန်ကြမ်း တစ်ပိဿာ ကျပ် ၄၀ဝ၀ဝ၀ ဖြင့် ဝယ်ယူရသော ဆံပင်တစ်ထုပ်ရှင်းလျှင် ပျမ်းမျှအမြတ် ကျပ်  ၆၀ဝ၀ဝ၀ သိန်းအထိ အမြတ်ရ ကြောင်း၊ ဆံပင်အရှည်ထွက်ရှိမှုပေါ်မူတည်ပြီး အကျိုးအမြတ်ရရှိမှုပြီး ဆံပင်ကောင်းလျှင် ကောင်းသလို အကျိုးအမြတ်များရရှိသည်။ 
ဆံပင်လုပ်ငန်းသည် လက်ရှိမိသားစုဘဝများ အဆင် ပြေနေရုံသာမက အနာဂတ်အတွက် မိသားစုများ လုပ်နိုင် လျှင် လုပ်နိုင်သလောက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

 

စန်းအောင် (မိတ္ထီလာ)