Main menu

Background

အိန္ဒိယနိုင်ငံတွင် သကြားနှင့် စားအုန်းဆီ ဝယ်လိုအား ကျဆင်းလာ

Mon, 05/18/2026 - 14:52 -- journal_editor

ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် စီးပွားရေးသုံး ဂက်စ်အိုးများပြတ်လပ်မှုကြောင့် နွေရာသီအားလပ်ရက်အတွင်း စားသောက်ဆိုင်များမှာ လုပ်ငန်းများကို လျှော့ချလုပ်ကိုင်လာရသဖြင့် သကြားနှင့် စားသုံးဆီစားသုံးမှု နှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။ 
ယခုကဲ့သို့ စားသုံးမှုလျော့နည်းလာခြင်းက အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားအုန်းဆီအပြင် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံ တို့မှ တင်သွင်းသည့် ပဲပုပ်ဆီနှင့်  နေကြာဆီ အပါအဝင် အိန္ဒိယ၏ စားသုံးဆီ တင်သွင်းမှုများကိုပါ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။  လမ်းဘေးဆိုင်လေးများနှင့် စားသောက်ဆိုင်အများစုသည် ဂက်စ်ပြတ်လပ်သည့်အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယင်းက စားသုံးဆီသုံးစွဲမှုကို လျော့ကျစေသည်ဟု အိန္ဒိယစားသုံးဆီထုတ်လုပ်သူများအသင်း (SEA) ၏ အမှုဆောင်ဒါရိုက်တာB.V. Mehta က ပြောကြားခဲ့သည်။ 
ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်း အိန္ဒိယ၏ စားသုံးဆီတင်သွင်းမှုသည် ယခင်လထက် ၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး တန်ချိန် ၁ ဒသမ ၂ သန်းသာရှိတော့ကြောင်း သိရသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ရည်ညွှန်းရေနံဓာတ်ငွေ့ (LPG) တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဂက်စ်ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး အစိုးရအနေဖြင့် အိမ်ထောင်စုများတွင် မပြတ်လပ်စေရန် စက်မှုလုပ်ငန်းများသို့ ပေးဝေသည့် ဂက်စ်ခွဲတမ်းများကို လျှော့ချထားရကြောင်း သိရသည်။
အိန္ဒိယသည် ပြီးခဲ့သည့်နှစ်က ချက်ပြုတ်ရန်အတွက်LPG တန်ချိန် ၃၃ ဒသမ ၁၅ သန်းသုံးစွဲခဲ့ပြီး လိုအပ်ချက်၏   ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းခဲ့ရသည်။ အဆိုပါ တင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အရှေ့အလယ်ပိုင်း နိုင်ငံများမှဖြစ်သည်။  အမျိုးသားသမဝါယမသကြားစက်ရုံများ အဖွဲ့ချုပ် (NFCSF) မှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ပုံမှန်အားဖြင့် နွေရာသီတွင် မြင့်တက်လေ့ရှိသော သကြားဝယ်လိုအားမှာလည်း ဂက်စ်ပြတ်လပ်မှုကြောင့် ထိခိုက်မှုရှိနေကြောင်း သိရသည်။

Source: Reuters
ညီမင်းထက် DOCA (ရန်ကုန်)