Main menu

Background

(၁၈-၉-၂၀၂၀) မှ (၂၄-၉-၂၀၂၀ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 09/25/2020 - 15:16 -- journal_editor

ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၁၃) နိုင်ငံအနက် စျေးနှုန်း မြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း (၂၁) နိုင်ငံရှိပြီး၊ ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၃.၅၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ကာတာ၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဒိန်းမတ်၊ ဂါနာ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အစ္စရေး၊ မိုနာကို၊ ပိုလန်နှင့် ယူကေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၉) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ တရုတ်၊ ပီရူး၊ ပြင်သစ်၊ ရုရှား၊ ယူကရိန်း၊ ကနေဒါ၊ ပေါ်တူဂီ၊ အမေရိကန်၊ နယ်သာလန်၊ ဂရိ၊ နော်ဝေနှင့် နယူးဇီလန် စသည့် နိုင်ငံပေါင်း (၃၃) နိုင်ငံရှိ၍ ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၄.၃၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီစျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် ထိုင်းနိုင်ငံတွင် (၃.၅၀ %) နှင့် စင်ကာပူနိုင်ငံတွင် (၂.၀၀ %) ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မလေးရှားနိုင်ငံတွင် (၁.၈၀ %)၊ လာအိုနိုင်ငံတွင် (၁.၉၀ %)နှင့် ဖိလစ်ပိုင်နိုင်ငံတွင် (၂.၁၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၁၃) နိုင်ငံအနက် ထိုင်း၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အီကွေဒေါ၊ တူရကီ၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဂျာမဏီနှင့် စပိန် စသည့် နိုင်ငံပေါင်း (၁၆) နိုင်ငံတို့တွင် စျေးနှုန်း မြင့်တက်ခဲ့ပြီး၊ ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည့် အီကွေဒေါနိုင်ငံတွင် ယခင်အပတ် စျေးနှုန်းထက် (၄.၄၀ %) ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ကာတာ၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဒိန်းမတ်၊ ဂါနာ၊ အစ္စရေး၊ ဂျော်ဒန်၊ မာလီ၊ မိုနာကို၊ ပိုလန်၊ ရုရှားနှင့် ယူကေ စသည့်နိုင်ငံများ အပါအဝင် (၅၉) နိုင်ငံတို့တွင် ယခင်အပတ်များ အတိုင်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မလေးရှား၊ လာအို၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ တရုတ်၊ ယူကရိန်း၊ အီတလီ၊ ချက်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ၊ ချီလီ၊ နယူးဇီလန်နှင့် နော်ဝေ စသည့် နိုင်ငံပေါင်း (၃၈) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၂၀ %) မှ (၄.၈၀ %) ထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံတွင် (၃.၈၀ %) နှင့် ဖိလစ်ပိုင်နိုင်ငံတွင် (၂.၇၀ %) ဖြင့် စျေးနှုန်း မြင့်တက်ခဲ့ပြီး၊ မလေးရှား နိုင်ငံတွင် (၂.၉၀ %) နှင့် လာအိုနိုင်ငံတွင် (၃.၂၀ %)ဖြင့် စျေးနှုန်း ကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံ များတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ အာဆီယံ နိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ဖြစ်ပေါ်နေသော ဓာတ်ဆီ၊ ဒီဇယ် (၁) လီတာ စျေးနှုန်းများအားတွေ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၀၀)နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၀.၈၉) ရှိပြီး စက်သုံးဆီစျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၅၂) ဒေါ်လာနှုန်းဖြင့် (၁၉) နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၄၅) ဒေါ်လာနှုန်းဖြင့် (၁၅) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။ ယခုတစ်ပတ်တွင် ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်း အနည်းဆုံး/ အများဆုံး နိုင်ငံများစာရင်းကို (၁) လီတာ​ ဈေးနှုန်းများအားတွေ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-19 ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားမှု ဆက်လက်ဖြစ်ပေါ်နေ ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများတွင် lockdown အစီအမံအသစ်များ ထပ်မံပြုလုပ်ရန် စီစဉ်လာခြင်း ကြောင့် နေအိမ်များတွင်သာ နေထိုင်ကြရပြီး၊ စက်ရုံ အလုပ်ရုံများလည်း ပုံမှန်လည်ပတ်နိုင်ရန် နှောင့်နှေးမှုများကြောင့် ကမ္ဘာ့ရေနံဝယ်လိုအားမှာ ပုံမှန် ပြန်ဖြစ်လာနိုင်ရန်အတွက် ကြန့်ကြာနိုင် သေးကြောင်း သိရှိရပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားသည့် lockdown အစီအမံ ပြုလုပ်မှုများ အမြင့်ဆုံးကာလ ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကမ္ဘာ့ရေနံ ဝယ်လိုအားမှာ နှစ်အလိုက် တစ်နေ့လျှင် ရေနံစည်ပေါင်း ၂၃ သန်းခန့် ကျဆင်းခဲ့ပြီး၊ ယခုလက်ရှိ အချိန်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၈ သန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုမှာ ၃၄ % မြင့်တက်ခဲ့ ပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၃ သန်း ရှိခဲ့သော်လည်း အမှန်တကယ် သုံးစွဲမှုထက် ရေနံစျေး ကျဆင်းနေချိန်တွင် သိုလှောင်ရန်အတွက် တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် ယခုနောက်ပိုင်းလများတွင် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့၍ ရေနံစျေးကွက်အပေါ်တွင် သက်ရောက်မှု အခြေအနေတစ်ခု ဖြစ်လာခဲ့ပြီး အခြားသက်ရောက်မှုများ မှာ ကုန်ပစ္စည်း ဝယ်လိုအားများ ကျဆင်းလာခြင်း၊ ကုန်ပစ္စည်း သိုလှောင်မှု မြင့်တက်လာခြင်းနှင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာခြင်းတို့သည် ရေနံချက်လုပ်ငန်းများ အပေါ်တွင် သက်ရောက်မှု ဖိအား များ ဖြစ်ပေါ်စေခဲ့သည်ကို သိရှိရပါသည်။

IHS Markit ၏အဆိုအရ တစ်ကမ္ဘာလုံး ရေနံသန့်စင်စက်ရုံ အသုံးပြုမှုနှုန်းသည် လက်ရှိတွင် ၇၅ % အောက်တွင်သာရှိကြောင်း၊ ရေနံချက် သန့်စင်စက်ရုံများ ပြုပြင်ထိန်းသိမ်းမှု ရာသီကလည်း နီးကပ်လာသည်နှင့်အမျှ ရေနံဝယ်လိုအားအပေါ် သက်ရောက်မှု အနည်းငယ် ရှိလာနိုင်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ရေနံထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း OPEC အဖွဲ့ဝင် နိုင်ငံများသည် မေလနှင့် ဇူလိုင်လအတွင်း ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် ရေနံစည်ပေါင်း ၉.၇၀ သန်း လျော့ချခဲ့သော်လည်း သြဂုတ်လ ၁ ရက်နေ့မှစပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၇.၇၀ သန်းသာ လျှော့ချ ထုတ်လုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ရေနံဝယ်လိုအားများ တဖြည်းဖြည်း လျော့နည်းလာသည့် အခြေအနေများကို ကြုံတွေ့ နေရသည့်အပြင် လက်ရှိတွင်လည်း ကိုဗစ်-19 ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် အချို့နိုင်ငံ များတွင် စက်ရုံအလုပ်ရုံများ ရပ်နားထားရသည့် အခြေအနေ ဖြစ်ပေါ်နေပြီး အိန္ဒိယ၊ ပြင်သစ်၊ စပိန်နှင့် အင်္ဂလန်နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု မြင့်တက်လာမှု၊ လစ်ဗျားနိုင်ငံ၏ ရေနံတိုးမြှင့် ထုတ်လုပ်လာမှုများကြောင့် ရေနံ ဝယ်လိုအားအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။ လတ်တလောတွင် ကမ္ဘာ့ရေနံစျေးသည် ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ပြန်လည် မြင့်မားလာခြင်းကြောင့် ရေနံဝယ်လိုအား အခြေအနေတွင် ရုန်းကန်ရမည့် အနေအထား မျိုးဖြစ်နေပြီး ကမ္ဘာ့ရေနံဈေးသည် အနိမ့်စျေး Support 38.00 Level နှင့် အမြင့်စျေး Resistance 41.50 ဝန်းကျင်ကြား ရှိနိုင်ကြောင်း သိရှိရပါသည်။

ပြည်တွင်းစက်သုံးဆီစျေးကွက်အနေဖြင့် Yangon Denko စက်သုံးဆီဆိုင်၏ ရောင်းဈေး များအရ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၅၀၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၆၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၅၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၅၆၅ ကျပ်ဖြင့် ပေါက်ဈေးရှိနေကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၃၁၉၅ ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင် ၃၁၉၅ ကျပ်၊ မော်လမြိုင်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၉၄၇ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၂၆၇၇ ကျပ်၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၉၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၃၀၀၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ထားဝယ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၄၇၅ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၂၄၀၇ ကျပ်၊ ပုသိမ်မြို့တွင် ဓာတ်ဆီ တစ်ဂါလံလျှင် ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလံလျှင် ၂၅၀၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။