Main menu

Background

ထိုင်းနိုင်ငံမှ ပြည်ပသို့ ဝက်အရှင် တင်ပို့မှု ယာယီရပ်ဆိုင်း

Thu, 02/03/2022 - 09:45 -- journal_editor

 ထိုင်းနိုင်ငံ ပြည်တွင်းစားသုံးသူများအတွက် အရေအတွက် လျော့နည်းမှုရှိနေသဖြင့် ထိုင်းနိုင်ငံမှ ပြည်ပသို့ ဝက်အရှင်တင်ပို့မှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလရပ်ဆိုင်းလိုက်ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဇန်နဝါရီ ၁၀ ရက်တွင် အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ဇန်နဝါရီ  ၅ ရက်တွင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin Laksanawisit က ထိုင်းနိုင်ငံ ပြည်တွင်းဈေးကွက်၌ ဝက်သားဈေး များ တစ်ဟုန်ထိုးမြင့်တက်နေသည်ကို တိုက်ဖျက်ရန် ယခုကဲ့သို့ ထိုင်းနိုင်ငံက ပြည်ပသို့ ဝက်အရှင် တင်ပို့မှုကို သုံးလတာ ယာယီရပ်ဆိုင်းထားရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post  သတင်းစာနှင့် အခြားသတင်းစာများမှာလည်း ရေးသား ဖော်ပြထား သည်။
ဆက်လက်၍ ဝန်ကြီးMr. Jurin Laksanawisit  က လွန်ခဲ့သည့်နှစ်မှာ ထိုင်းနိုင်ငံကနေ ဝက်နှင့် ဝက်ပေါက်ကလေး တစ်သန်းကျော် ပြည်ပသို့ တင်ပို့ခဲ့ပြီး ပြည်တွင်းစားသုံးမှုမှာ ဝက်ကောင်ရေ ၁၈သန်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ထိုင်း နိုင်ငံပြည်တွင်း၌ ဝက်ကောင်ရေ ၁၃ သန်းအထိသာမွေးမြူထား နိုင်ကြောင်းသိရှိရသည့်အတွက် ယင်းသည်ယခင်နှစ်ကကိန်းဂဏန်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းစားသုံးမှုအတွက် ငါးသန်းခန့်ကျဆင်းသွား၍ဝက်နှင့်ဝက်ပေါက် ကလေး များကို ဧပြီ ၅ ရက်အထိ ထိုင်းနိုင်ငံမှ တင်ပို့ခွင့် ယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ရေးသားဖော်ပြထား ကြသည်။
အိမ်နီးချင်းနိုင်ငံများတွင်အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဖြစ်ပွားမှုကြောင့်ဝက်သား ဈေးတက်လာပြီး  ထိုင်းနိုင်ငံအနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဆောင်ရွက်မှုများ ပြုလုပ်ရန်တွန်းအားပေးခဲ့ကြောင်း အစည်း အဝေးတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့်  စိုက်ပျိုးရေးသမဝါယမဘဏ်မှ သတ်မှတ်ထားသော ဒေသများရှိဝက်မွေးမြူရေးလုပ်ကိုင်သူလုပ်ငန်းရှင်ငယ်များအားပံ့ပိုးကူညီမှုဖြင့် မွေးမြူရေးဦးစီးဌာနအနေဖြင့်ဝက်မွေးမြူခြင်းကို မြှင့်တင်သွားမည် ဖြစ် ကြောင်းMr. Prapat Pothasuthonက ပြောကြားခဲ့သည်။
Source :     https:docs.wto.org
         https:www.bangkokpost.com
         https:www.thaipbsworld.com
   သီတာကျော် (ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ)