Main menu

Background

ထိုင်းဝယ်ယူမှုကြောင့် ကော်ဖီဈေး သုံးဆခန့် ပိုမိုရရှိ

Thu, 12/08/2022 - 15:37 -- journal_editor

ကော်ဖီပေါ်စရာသီအတွင်း ထိုင်းနိုင်ငံက ဝယ်လက်များ ဒေသအရောက်ဝယ်ယူမှုများရှိလာခြင်းကြောင့်  ယခင်နှစ်ထက် ကော်ဖီဈေးနှုန်းများ သုံးဆခန့် ပိုမိုရရှိနေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
လက်ရှိ ပြည်တွင်း၌ ကော်ဖီကို ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ကာ လာမည့် ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ဆွတ်ခူးလေ့ရှိပြီး ယခုနှစ် ကော်ဖီပေါ်ချိန်ရာသီအစမှာပင် ထိုင်းဝယ်လက်များက ပေါက်ဈေးပေးပြီး ဒေသအရောက် ဝယ်ယူနေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကော်ဖီစေ့  တစ်ပိဿာကို ငွေကျပ် ၈၀ဝခန့်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင်တော့ ကော်ဖီစတင်ထွက် ရှိချိန်ကစတင်ပြီး ငွေကျပ် ၂၅၀ဝ ကျော်အထိ ဈေးရရှိနေခြင်းဖြစ် ကြောင်း သိရသည်။
ပြည်တွင်းက ထွက်ရှိသည့် ကော်ဖီစေ့များကို  ကော်ဖီရာသီသိမ်းသည့်  မတ်လခန့်မှစတင်၍   နိုဝင်ဘာလအထိ ပြည်ပသို့ တင်ပို့ရလေ့ရှိကြောင်း သိရသည်။
ယခုနှစ်အတွက်လည်း   စိုက်ပျိုးထားသည့် ကော်ဖီများကို ခူးဆွတ်နေပြီဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်နှစ်ခုလုံးတွင်  ဈေးကွက်အသစ်များ ရရှိရန်နှင့် အရည်အသွေးများကို  စနစ်တကျ ထိန်းသိမ်းရန်အတွက် ပညာပေးလုပ်ငန်းများ၊ ဈေးကွက်ချဲ့ထွင်ရေးပြပွဲများ၊ အရည်အသွေးဆန်းစစ်သည့်ပြပွဲများကို ကော်ဖီအသင်းအနေနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း ပညာပေးလုပ်ငန်းများ၊ သင်တန်းပေးခြင်းများ  လုပ်ဆောင်နေကြောင်း သိရသည်။
ပင်လယ်ရေကြောင်း(Normal Trade)မှဆိုလျှင် မြန်မာ့ကော်ဖီကို အမေရိကန်၊ ကနေဒါ၊ EU နိုင်ငံများ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ကို တင်ပို့နေပြီး နယ်စပ်လမ်းကြောင်း(Border Trade)နှင့်ဆိုပါက တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ အဓိကထားတင်ပို့နေခြင်းဖြစ်သည်။
နှစ်စဉ် ပြည်တွင်း၌ ကော်ဖီတန်ချိန် ရှစ်ထောင်မှတစ်သောင်းကြား ထွက်ရှိပြီး လက်ရှိ ၂၀၂၂ ခုနှစ်  နိုဝင်ဘာလမှ လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကော်ဖီ လှိုင်လှိုင်ထွက်ရှိလာတော့မည်ဖြစ်သလို ၂၀၂၃ ခုနှစ် မတ်လမှ မေလအတွင်း လက်ရှိ တင်ပို့နေသည့်နိုင်ငံများအပြင် အာဆီယံနိုင်ငံအချို့ကိုပါ ကော်ဖီတန်ချိန် ပိုမိုတိုးချဲ့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက ၄၀ဝ၀ဝ ခန့်ရှိပြီး  ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကာ မန္တလေးတိုင်း၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသအချို့တွင်လည်း စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ခူးဆွတ်ထုတ်လုပ်၍ ဧပြီလနောက်ပိုင်းမှစတင်ကာ တစ်နှစ်ပတ်လုံး ရောင်းချကြောင်း သိရသည်။
အဓိက စိုက်ပျိုးထုတ်လုပ်နေသည့် ကော်ဖီအမျိုးအစားများမှာ ကုန်းမြင့်ကော်ဖီနှင့်မြေပြန့်ကော်ဖီဖြစ်ပြီး အထူးတန်းဝင်အမျိုးအစားများကို အမေရိကန်အပါအဝင် ဥရောပနိုင်ငံများ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကော်ဖီသည် အထူးတန်းဝင် အမျိုးအစား (ကော်ဖီစေ့)ဆိုပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅၀ဝခန့်ဈေးနှုန်းရှိနေပြီး ပုံမှန်ဈေးကွက်ဝင် ကော်ဖီအမျိုးအစားဆိုပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ဝ၀ မှ ၄၅၀ဝခန့် ဈေးရရှိကြောင်း သိရသည်။