Main menu

Background

ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးစာချုပ်  

Tue, 03/28/2023 - 14:39 -- journal_editor

ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုစာချုပ် (Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP) သည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်တစ်ခုဖြစ်သည်။ စာချုပ်သည် အာရှနှင့် ပစိဖိတ်ဒေသရှိ ၁၀ နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကြား ချုပ်ဆိုသော လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement–FTA)ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရာ၌ ကုန်သွယ်မှု အဟန့်အတားများ လျှော့ချပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး (Trade facilitation) ကို ဦးစားပေးဆောင်ရွက်သည်။ 

ဈေးကွက်နှင့် အကျုံးဝင်သည့် နယ်ပယ်

သဘောတူစာချုပ်သည် လက်ရှိအချိန်တွင် အဖွဲ့ဝင် ၁၀ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများမှာ ကနေဒါ၊ သြစတြေးလျ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ဖြစ်သည်။ CPTPP သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့သည်။ ပထမဆုံး ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ မက္ကဆီကို၊ နယူးဇီလန်၊ စင်ကာပူတို့က စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ ဆက်လက်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဗီယက်နမ်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင် ပီရူး၊  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မလေးရှားနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ချီလီနိုင်ငံတို့က စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ CPTPP ကို လက်မှတ်ရေးထိုးရန်ကျန်ရှိသော နိုင်ငံမှာ ဘရူနိုင်းဖြစ်သည်။ ဘရူနိုင်းသည် စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ ပြည့် မြောက်သည့်နေ့တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါမည်။

ကုန်သွယ်ရေး သဘောတူစာချုပ်သည် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ စီးပွားဆက်ဆံရေး ပိုမိုအားကောင်းစေခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများကြား ကုန်သွယ်မှုမြှင့်တင်ပေးခြင်း စသည့် ကောင်းကျိုးများ ဖြစ်ထွန်းစေနိုင်သည်။ ထို့ပြင် စားသုံးသူ သန်း ၅၀ဝ ရှိသော လွတ်လပ်သည့် ဈေးကွက် သို့မဟုတ် ကမ္ဘာ့စုစုပေါင်းဝင်ငွေ (Global GDP) ၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိသော ဈေးကွက်ကို ရရှိစေသည်။ အဖွဲ့ဝင်နိုင်ငံများအား အာရှနှင့် လက်တင် အမေရိကရှိ အကောက်ခွန်သက်သာသော ဈေးကွက်များကို ရရှိပိုင်ဆိုင်စေသည်။ CPTPP သည် ရည်မှန်းချက်ကြီးမားပြီး အဆင့်အတန်း မြင့်မားသော FTA ဖြစ်သည်။ CPTPP ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုရှုထောင့် အားလုံးနီးပါး အကျုံးဝင်သည်။ စာချုပ်၌ ဈေးကွက်ရရှိရေး ကတိကဝတ်များ (Market-access commitments) ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည်။ အထူးသဖြင့် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်သားပြောင်းရွှေ့မှုနှင့် အစိုးရ၏ ကုန်ပစ္စည်းဝယ်ယူမှု စသည့် နယ်ပယ်များ ပါဝင်သည်။ 

ထို့ပြင် သဘောတူစာချုပ်သည် ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ရှေ့နောက်ညီညွတ်သော၊ ပွင့်လင်းမြင်သာသော၊ မျှတသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းထားသည်။ သော့ချက်ကျသော ကိစ္စရပ်များဖြစ်သည့်  ကုန်သွယ်မှုဆိုင်ရာ နည်းပညာအဟန့်အတားများ၊  ပိုးမွှားကင်းစင်ရေး အစီအမံများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ စသည်တို့ကို ကဏ္ဍအလိုက် ခွဲခြားဖော်ပြထားသည်။ ထိုမျှသာမက CPTPP ၌ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အလုပ်သမားအခွင့်အရေးတို့ကိုလည်း ထည့်သွင်းထားသည်။ 

ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းရေးစာချုပ်၌ အဖွဲ့ဝင်နိုင်ငံသစ်များ တိုးချဲ့လက်ခံရေးအတွက် အဖွဲ့ဝင်သစ်လက်ခံသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း ထည့်သွင်းထားသည်။ CPTPP ၏ အဆင့်အတန်းမြင့်မားသော စည်းကမ်းနှင့် ဈေးကွက်ရရှိရေး ကတိကဝတ်များကို လိုက်နာနိုင်သည့် နိုင်ငံတိုင်း အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သည်။ 

ပူးပေါင်းသော ကဏ္ဍများ

CPTPP သည် လုပ်ငန်းကဏ္ဍ ၁၀ မျိုး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပထမကဏ္ဍမှာ ကုန်စည်ကုန်သွယ်ရေးဖြစ်သည်။ ဤပူးပေါင်းမှုအရ CPTPP အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သော ပို့ကုန်များ၏ အကောက်ခွန်လိုင်း ၉၈ ရာခိုင်နှုန်းအတွက် အကောက်ခွန်ဖယ်ရှားခြင်းနှင့်  ကုန်သွယ်မှုအတားအဆီး လျှော့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ဒုတိယကဏ္ဍမှာ ကုန်စည်ထုတ်လုပ်ရာ နိုင်ငံ သတ်မှတ်သည့် စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ (Rules of origin and origin procedures) ဖြစ်သည်။  ကနေဒါ ပို့ကုန်လုပ်ငန်းရှင်နှင့် ထုတ်လုပ်သူများသည် ကုန်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံ ဆုံးဖြတ်သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ သွင်းကုန်လုပ်ငန်းရှင်က အကောက်ခွန်သက်သာခွင့် အထောက်အထား တောင်းဆိုပါက  ပို့ကုန်လုပ်ငန်းရှင်၊  သွင်းကုန်လုပ်ငန်းရှင်နှင့် ထုတ် လုပ်သူများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း သတ်မှတ်ထားသည်။

တတိယအချက်မှာ အကောက်ခွန်နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး (Customs and trade facilitation) ဖြစ်သည်။ ကနေဒါနှင့် အခြားစာချုပ်ဝင်နိုင်ငံများသည် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ လွယ်ကူ၊ ထိရောက်၊ ရှင်းလင်းပြီး ကြိုတင်ခန့်မှန်းနိုင်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။  ဤကဲ့သို့ ကြိုးပမ်းအားထုတ်ခြင်းက နယ်စပ်၌ အကောက်ခွန်ရှင်းလင်းရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ရသည့် အချိန်လျော့ကျစေပြီး နိုင်ငံများကြား ကုန်စည်စီးဆင်းမှုကို ပိုမိုလွယ်ကူစေသည်။ စတုတ္ထကဏ္ဍမှာ စည်းမျဉ်းစည်းကမ်းပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းကမ်းလိုက်နာမှု ရှိ/မရှိ အကဲဖြတ်ခြင်းဖြစ်သည်။ အစိုးရ၏ ကုန်ပစ္စည်းဝယ်ယူမှုသည် ပဉ္စမမြောက်ပူးပေါင်းဆောင်ရွက်သည့် နယ်ပယ်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများကြား ဈေးပြိုင်စနစ်ဖြင့် အစိုးရအတွက် ကုန်ပစ္စည်းဝယ်ယူရာတွင် ကနေဒါကုမ္ပဏီများသည် ပြည်တွင်းကုန်ပစ္စည်းပေးသွင်းသူများ (Domestic suppliers) နှင့် တန်းတူအခွင့်အရေးရရှိမည်ဖြစ်သည်။

နောက်ထပ်နယ်ပယ်တစ်ခုမှာ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် လုပ်သားပြောင်းရွှေ့မှုဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကြိုတင်ခန့်မှန်းနိုင်မှု တိုးတက်လာပြီး နယ်စပ်၌ ရင်ဆိုင်နေရသော အတားအဆီးများစွာကို ပပျောက်စေနိုင်သည်။ အဆိုပါ အတားအဆီးများမှာ ခွဲတမ်းဖြင့် တင်သွင်းခွင့်ပြုခြင်း (Quotas) နှင့် လုပ်သားဈေးကွက်၏ သတင်းအချက်အလက်ရယူစစ်ဆေးခြင်း (Labor market  tests) စသည်တို့ ဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်ခြင်းက ကနေဒါစီးပွားရေးလုပ်ငန်းရှင်များအတွက် အဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားရောက်ခြင်း သို့မဟုတ် ယာယီအလုပ်လုပ်ကိုင်ခြင်းကို ပိုမိုလွယ်ကူစေသည်။ သတ္တမမြောက် ပူးပေါင်းသည့်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ သဘောတူစာချုပ်၌ ပါရှိသော ရင်းနှီးမြှုပ်နှံမှုပြဋ္ဌာန်းချက်များက ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှုအတွက် သေချာမှု၊တည်ငြိမ်မှုနှင့် အကာအကွယ်ပေးမှုတို့ကို ဖြစ်စေနိုင်သည်။ ထို့ပြင် လုပ်ငန်းရှင်များအတွက် ကနေဒါဈေးကွက်နှင့် အင်ဒို-ပစိဖိတ်ဈေးကွက်တို့ကို ရရှိစေနိုင်သည်။ နောက်ထပ်ပူးပေါင်းသောနယ်ပယ်မှာ မူပိုင်ခွင့် (Intellectual property-IP) ဖြစ်သည်။ မူပိုင်ခွင့်ကာကွယ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသ အတွင်း စည်းကမ်းလိုက်နာစေရေးအတွက် ဒေသဆိုင်ရာ IP စံ သတ်မှတ်ချက် ချမှတ်ထားသည်။ 

လုပ်သားနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍသည် နဝမမြောက် ပူးပေါင်းဆောင်ရွက်သည့် နယ်ပယ်ဖြစ်သည်။ ဤအစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံများ၏ လုပ်သားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို တန်ဖိုးထားထိန်းသိမ်းသည်။ စီးပွားရေးအကျိုးအမြတ်အတွက် အဆိုပါ  စံချိန်စံညွှန်းများကို အထိခိုက်ခံမည် မဟုတ်ပေ။ နောက်ဆုံးနယ်ပယ်မှာ ဘက်စုံကုန်သွယ်ရေး (Inclusive trade) ဖြစ်သည်။ CPTPP သည် အဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံကုန်သွယ်မှုနည်းလမ်းကို ပိုမိုခေတ်မီစေသည်။ 

ကောင်းကျိုးများ

ကုန်သွယ်ရေးသဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ နိုင်ငံတကာဈေးကွက်အတွင်း ပါဝင်နိုင်စွမ်းကို တိုးတက်စေပြီး ကုန်သွယ်ရေး၏ ကောင်းကျိုးများကို ရရှိစေနိုင်သည်။ ကနေဒါပို့ကုန်များ၏ အကောက်ခွန်လိုင်း ၉၈ ရာခိုင်နှုန်းကို အကောက်ခွန်ကောက်ခံခြင်း မရှိသောကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အားသာချက်ရှိသည့် အခြေအနေဖြစ်စေသည်။ ထိုကဲ့သို့ အကောက်ခွန်ဖယ်ရှားခြင်းက အသေးစားနှင့် အလတ်စား  လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးသောလုပ်ငန်းများ (Service providers) နှင့်လည်း ပိုမိုချိတ်ဆက်မိစေသည်။

နောက်ထပ်ကောင်းကျိုးမှာ အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်း ကုန်သွယ်ရေးအတွက် အဆင့်အတန်းမြင့်ပြီး တစ်ပြေးညီဖြစ်သော စည်းကမ်းများ လိုက်နာဆောင်ရွက်ရခြင်းဖြစ်သည်။ ထိုအချက်က ကုန်သွယ်မှုကို  ပိုမိုခန့်မှန်းနိုင်ခြင်း၊  ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ဈေးကွက် ပိုမိုရရှိခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင် ကမ္ဘာ့ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် အဓိကကျသော စိန်ခေါ်မှုနှင့် အဟန့်အတားများကို ဖော်ထုတ်ဖြေရှင်းနိုင်သည်။ ထိုမျှသာမက ကနေဒါနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းများအတွက် ဈေးကွက်ပိုမိုရရှိစေသည်။ နောက်ထပ်ကောင်းကျိုးမှာ အကောက်ခွန်ရှင်းလင်းရာ၌ လုပ်ထုံးလုပ်နည်းများ လွယ်ကူခြင်းဖြစ်သည်။ ဤအချက်က ပွင့်လင်းမြင်သာမှုကို တိုးတက်စေပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် သတင်းအချက်အလက်ကို Online မှတစ်ဆင့် ရရှိစေပါသည်။ နောက်ဆုံးကောင်းကျိုးမှာ စီးပွားရေးလုပ်ငန်းများ၏ မျှတသော ယှဉ်ပြိုင်မှုကို အားပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းအတွက် တစ်ပြေးညီ  လုပ်ငန်းလုပ်ကိုင်ခွင့်ရသော အခြေအနေ (Level playing field) ဖန်တီးပေးခြင်းဖြစ်သည်။

CPTPP သည် အဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီစီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ခြင်း၊ ဖောက်သည်သစ်ရရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး တည်ငြိမ်သော နိုင်ငံခြားဈေးကွက်များ ရရှိခြင်း၊ ကုန်သွယ်မှုအဟန့်အတား ဖယ်ရှားခြင်း၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်သည်။ အဆိုပါ ကောင်းကျိုးများမှ တစ်ဆင့် သက်ဆိုင်ရာကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား ပိုမိုတိုးတက်လာနိုင်ကြောင်း တွေ့ရှိရသည်။

အဓိကလုပ်ငန်းကဏ္ဍများ

CPTPP သည် စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးသည်။ အထူးသဖြင့် အကောက်ခွန်လျှော့ချခြင်းနှင့် ဈေးကွက်ပိုမိုရရှိခြင်းတို့က စီးပွားရေးအခွင့်အလမ်းသစ်များကို ဖြစ်ပေါ်စေသည်။ အဖွဲ့ဝင်နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းပွင့်ပြီး အကျိုးအမြတ်ဖြစ်ထွန်းစေသောကဏ္ဍများမှာ လေယာဉ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးပစ္စည်းကိရိယာလုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ ဓာတုပစ္စည်းနှင့် ပလတ်စတစ်၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် တစ်ကိုယ်ရေသန့် ရှင်းရေးသုံးပစ္စည်း၊  ယဉ်ကျေးမှုလုပ်ငန်း၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ငါးနှင့်ပင်လယ် စာ၊ သစ်တောထွက်ပစ္စည်းလုပ်ငန်း၊ အစိုးရ၏ ကုန်ပစ္စည်းဝယ်ယူ မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့ဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသသည် ကနေဒါစီးပွားရေးလုပ်ငန်းများ အတွက်လည်း အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အာရှ-ပစိဖိတ်ဒေသသည် လျင်မြန်စွာ တိုးတက်လျက်ရှိသော ဈေးကွက်မျိုးစုံ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

Source: www.asiapacific.ca

သိန်းမြင့်ဝေ