Main menu

Background

သင်္ဘောတင်ပို့ရန်အတွက် ကွန်တိန်နာရရှိမှုအခက်အခဲများကြောင့် ပြည်ပသို့ဆန်တင်ပို့မှုအပေါ်ထိခိုက်မှုများရှိနေ

Thu, 09/16/2021 - 10:06 -- journal_editor

              ၂၀၂၁ ခုနှစ် မတ်လမှဩဂုတ်လအထိ ဘရာဇီးလ်နိုင်ငံမှ အရည်အသွေးမြင့်ဆန်တန်ချိန် ၅၈၃,၈၃၅ တန်အား ပြည်ပသို့တင်ပို့ခဲ့ပြီး ပြည်တွင်းစားသုံးမှုအတွက်ဆန်တန်ချိန် ၅၁၉,၁၀၈ တန်အား တင်သွင်းခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအားကိုးကား၍ the Brazilian Association of rice industry (Abiarroz)က စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

              ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ လအတွင်း ဘရာဇီးလ်နိုင်ငံမှ တန်းမြင့်ဆန်အဖြစ် ဆန်တန်ချိန် ၁၁၄,၅၈၇ တန်အား သင်္ဘောတင်ပို့ခဲ့ပြီး ပြည်တွင်းစားသုံးမှုအတွက် ဆန်တန်ချိန် ၈၀,၀၄၀ အား တင်သွင်းခဲ့ကြောင်း၊ ဇူလိုင်လတွင် ဘရာဇီးလ်နိုင်ငံမှ နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ ဆန်များတင်ပို့ခဲ့ပြီး ဂမ်ဗီယာနိုင်ငံ၊ နီကာရာဂွေးနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပီရူးနိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံနှင့် ကော်စတာရီကာ နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း Abiarroz ၏ သတင်းတွင်ဖော်ပြထားသည်။

              ပြည်ပသို့ ဆန်တင်ပို့တင်ပို့ခဲ့သည့်စာရင်းများအရ ၂၀၂၁ ခုနှစ်၊ မတ်လမှဩဂုတ်လ အတွင်းတွင် ဆန်အများဆုံးတင်ပို့ခဲ့ရကြောင်း၊ သို့ရာတွင် ကမ္ဘာနိုင်ငံများတွင်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုပြဿနာများကြောင့် သင်္ဘောတင်ရန်အတွက် ကွန်တိန်နာရရှိမှုအခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး သင်္ဘောတင်စရိတ်များသည်လည်း ပျမ်းမျှ ၂၁၇ ရာခိုင်နှုန်းမှ ၄၅၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း ဆန်စက်လုပ်ငန်းရှင်များအသင်း(Abiarroz)၏ နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူး Gustavo Trevisan က ပြောကြားခဲ့သည်။

              ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိုက်ပျိုးထုတ်လုပ်မှုများကျဆင်းခြင်း၊ သယ်ယူပို့ဆောင် စရိတ်များမြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်ခြင်းနှင့် ကွန်တိန်နာသေတ္တာရရှိရန်ခက်ခဲ ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဈေးကွက်အား ကိုဗစ်-၁၉ မဖြစ်ပွားမီအခြေ အနေသို့ပြန်လည်ရောက်ရှိရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများ တိုးချဲ့လုပ်ဆောင်ကြရန် လိုကြောင်း၊ ဘရာဇီးလ်နိုင်ငံမှထွက်ရှိသောဆန်သည် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲထားသဖြင့် အရည်အသွေးကောင်းမွန်ပြီး  နိုင်ငံတကာဈေးကွက်ကလည်း အသိအမှတ် ပြုကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ဆန်စိုက်ပျိုးထုတ်လုပ်မှုအား မူလအခြေအနေသို့ပြန်လည်ရောက်ရှိရန် လုပ်ဆောင်လျက်ရှိပြီး လက်ရှိဝယ်ယူသည့်နိုင်ငံများအပြင် ဈေးကွက်အသစ်များချဲ့ထွင်ခြင်းဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း  Trevisan က ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br