Main menu

Background

မလေးရှားသို့ ဆန်တန်ချိန် ၁၀ဝ၀ အင်ဒိုနီးရှားတင်ပို့မည်

Mon, 09/21/2026 - 13:11 -- journal_editor

အင်ဒိုနီးရှားနိုင်ငံသည် အရည်အသွေးမြင့် ဆန်တန်ချိန် ၁၀ဝ၀ ကို မလေးရှားနိုင်ငံသို့တင်ပို့ရန် စီစဉ်နေပြီး အဆိုပါဆန်တင်ပို့မှုသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးပိုမိုခိုင်မာလာမှုကိုပြသသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း အစိုးရပိုင် စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးကုမ္ပဏီ Bulog က ပြောကြားခဲ့သည်။ 
အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ (၈၁) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအခြေအနေ တိုးတက်ကောင်းမွန်လာမှုကို ပြသခြင်းဖြစ်ကြောင်း  Bulog ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဗေAhmad Rizal Ramdhani က သြဂုတ် ၁၅ ရက်တွင် ဂျကာတာမြို့၌ ပြောကြားခဲ့သည်။ ၎င်းက သြဂုတ် ၁၄ ရက် ညနေပိုင်းတွင် ဂျကာတာ၌ Bulog နှင့် မလေးရှားနိုင်ငံရှိ Padi dan Beras Borneo Sdn. Bhd.တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က တက်ရောက်ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့သည်။ 
အဆိုပါ ဆန်ကုန်သွယ်ရေးသဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံအတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်လက်ဆောင်တစ်ရပ်ဖြစ်သကဲ့သို့ ပြည်တွင်းဆန်လက်ကျန်လုံလောက်မှုနှင့် ပြည်ပသို့တင်ပို့နိုင်သည့် အခြေအနေရှိလာခြင်း တို့ကြောင့် နိုင်ငံ၏ စားနပ်ရိက္ခာစနစ် ပိုမိုခံနိုင်ရည်ရှိလာကြောင်း ပြသနေခြင်းဖြစ်သည်ဟု  Ramdhani ကဆိုသည်။ 
အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း တိုးတက်လာခဲ့ပြီးလက်ရှိတွင် အစိုးရ၏ဆန်အရန်သိုလှောင်မှုမှာ တန်ချိန် ၅ ဒသမ၂ သန်းခန့်ရှိကြောင်း သိရသည်။ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ကနဦးအနေဖြင့် ဆန်တန်ချိန် ၁၀ဝ၀ တင်ပို့မည်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအောက်မှ ပထမဆုံးတင်ပို့မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 
ထို့နောက်နှစ်စဉ်ဆန်တင်ပို့မှုပမာဏကိုတဖြည်းဖြည်းတိုးမြှင့်ကာ တန်ချိန် ၂၀ဝ၀ဝ၀ အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို ထိန်းသိမ်းထားခြင်းသည် Bulog၏ ထိပ်တန်းဦးစား ပေးလုပ်ငန်းဖြစ်နေဆဲဖြစ်သည်ဟု Ramdhani က ပြောကြားပြီး ဆန်ထုတ်လုပ်မှု အားကောင်းနေသည့် အခြေအနေကိုအသုံးချကာ ပြည်ပတင်ပို့ရေး အခွင့်အလမ်းများ ကို ဖော်ထုတ်ရန်အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။ 
ထို့ပြင်Bulogအနေဖြင့် ပြည်တွင်းနှင့်နိုင်ငံတကာမိတ်ဖက်များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာစေရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးကိုအထောက်အကူပြုသည့်အပြင်တောင်သူများ၏လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့ကိုလည်း အထောက်အကူပြုသွားမည်ဟု သိရသည်။ 
စိုက်ပျိုးရေးဝန်ကြီးSulaimanကလည်း ယင်းဆန်တင်ပို့ရေးသဘောတူညီချက်သည် အင်ဒိုနီးရှားနိုင်ငံ၏(၈၁)နှစ်မြောက် လွတ်လပ်ရေးအခါသမယတွင် နိုင်ငံအနေဖြင့် မိမိ၏စွမ်းဆောင်ရည်အပေါ်ယုံကြည်မှုရှိလာကြောင်း သက်သေပြသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ယခင်ကပြောကြားခဲ့သည်။ 
ဝန်ကြီးက ဆန်အရန်လက်ကျန် တန်ချိန် ၅ ဒသမ ၂ သန်းခန့်အထိရှိလာသောကြောင့် ပြည်ပတင်ပို့ရေးအတွက် စတင်ပြောဆိုနိုင်ပြီဖြစ်ကြောင်း၊ ထိုတိုးတက်မှုက အင်ဒိုနီးရှားနိုင်ငံ ပိုမိုခိုင်မာလာပြီး ယုံကြည်မှု ပိုရှိလာပြီဖြစ်သည်ကို သက်သေပြနေကြောင်းနှင့် စားနပ်ရိက္ခာ ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းစားနပ်ရိက္ခာထောက်ပံ့မှု ထိခိုက်မည်မဟုတ်ကြောင်း လက်မှတ်ရေးထိုးပွဲအပြီးတွင်ပြောကြားခဲ့သည်။ 

မြသူ (DOCA ရန်ကုန်)၊ 

Antara News,