Main menu

Background

ပြည်တွင်း၊ ပြည်ပ ဈေးကွက် ဝယ်လိုအားရှိသော  ရာသီပေါ် ကိုင်းဘောဈေးကွက်

Mon, 01/30/2023 - 16:23 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်တွင်း၊ ပြည်ပ ဈေးကွက် ဝယ်လိုအားရှိသော ကိုင်းဘော (တံမြက်စည်းကုန် ကြမ်း)မှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက် ရှိသော ရာသီပေါ်ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍   ဈေးကွက်ဝင်ရောက်လျက်ရှိပြီး မတ်လကုန်  ဧပြီလရောက်လျှင်  ကိုင်းဘောရာသီမှာ  ပြီးဆုံး သွားကြောင်း ဈေးကွက်မှသိရသည်။
ကိုင်းဘောအဓိကထွက်ရှိရာ  ဒေသများမှာ  တောင် စောင်း  တောင်ကုန်းများရှိသော  ချောင်းသာ၊ ငွေဆောင်၊ မော်တင် ကားလမ်းဘေးရှိ သီဟိုဠ်ခြံ၊ ရော်ဘာခြံများ ပင်လယ်  ကမ်းခြေဒေသဝန်းကျင် ကျေးရွာများနှင့် ငပုတောမြို့နယ် အတွင်းရှိ ဟိုင်းကြီးကျွန်းဝန်းကျင် ကျေးရွာများတွင် အများ ဆုံးထွက်ရှိပြီး ကိုင်းဘောရာသီရောက်လျှင် ကုန်ကြမ်းထွက်ရှိ သောကျေးရွာများမှာ အဝယ်ဒိုင်များဖွင့်လှစ်၍ ပုသိမ်မြို့နှင့် သာပေါင်းမြို့ပေါ်ရှိ နှစ်ပတ်လည် တံမြက်စည်းပြုလုပ်သော လုပ်ငန်းရှင်များနှင့်   ရန်ကုန်မြို့သို့   နှစ်စဉ်တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
ယခင်နှစ် ကိုင်းဘောရာသီအဖွင့်ဈေးမှာ  ကိုင်းဘော တစ်ဘောကို ကျပ် ၈၀ဝ၀-၁၂၀ဝ၀  ဈေးသာရှိသော်လည်း ယခုနှစ်ဈေးမှာ ကိုင်းဘောတစ်ဘောကို ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ ဝန်းကျင်ဈေးဖြင့် ဝယ်ယူလျက်ရှိပြီး ကိုင်းဘောဝယ် ယူရာတွင် ကိုင်းဘောအပင်ရေ  ၃၀ဝ၀၊ ဒေသအခေါ် ကိုင်း ဘောတစ်ဘောကို အတို/အလတ်/အရှည်ပေါ် မူတည်၍ လည်း  ဈေးနှုန်းကွာခြားမှုရှိသည်။  အဝယ်ဒိုင်မှ  ဝယ်ယူ ထားသော ကိုင်းဘောများကိုအနု/အလတ်/အရင့် အမျိုး အစားခွဲခြား၍ အနု/အလတ်ကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုရှိပြီး ကိုင်းဘောအရင့်များကို  ပြည်တွင်း၌ တံမြက်စည်း ပြုလုပ်ရာတွင် အသုံးပြုကြသည်။ 
ကိုင်းဘောရာသီချိန် ကိုင်းဘောထွက်ရှိရာ ကျေးရွာ များရှိ ဒေသခံများမှာ  ကိုင်းဘောခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၅၀ဝ၀- ၆၀ဝ၀ မှ ကျွမ်းကျင်သူများမှာ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရရှိကြောင်း  ပုသိမ်-ငွေဆောင် ကားလမ်း စိန်တောင်ကျေးရွာနေ ကိုင်းဘောအရောင်းအဝယ် လုပ်ငန်း ရှင်ထံမှ သိရသည်။                                    

မင်းမင်းဦး (ပသ)