ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ် ကွမ်းသီးနုများ၏ ဈေးနှုန်းများ သည် တရုတ်နိုင်ငံမှ အဓိက ဝယ်လိုအားမြင့်မားမှုကြောင့် စံချိန်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်များဖြစ်သောQuang Ngai Dak Lak Tay Ninh Tien Giang နှင့်Kien Giang တို့တွင် ကွမ်းသီး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀ဝ၀ဝ မှ ၈၅၀ဝ၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြောက်ပိုင်းဒေသများဖြစ်သည့်Bac Ninhနှင့် Nam Dinh တို့တွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၉၀ဝ၀ဝ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းကွမ်းသီးနု ထုတ်လုပ်မှု ပြတ်လပ် ခြင်းကြောင့် ကွမ်းသီးဈေးနှုန်း မြင့်တက်မှုရှိပြီး လွန်ခဲ့သော လများ အတွင်း အမြင့်ဈေး၌ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗီယက်နမ် ကွမ်းသီးနုထုတ်ကုန်များကို တင်သွင်းမှုမှာ ပိုမိုများပြား လာခဲ့ကြောင်း ကုန်သည်များက ပြောသည်။
တရုတ်နိုင်ငံတွင် ကွမ်းသီးနုကို အဓိကအသုံးပြုမှုရှိပြီး ဟိုင်နန် ပြည်နယ်သည် တစ်နိုင်ငံလုံး ကွမ်းသီးနုသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိကြောင်း၊ ၎င်းပမာဏ၏ ထက်ဝက်ခန့်သည် ၎င်း ပြည်နယ်ရှိ ဝမ်နင်စီရင်စုမှ ထွက်ရှိခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၁၉၈၀ ပြည့်နှစ်လွန် ကာလမှစတင်၍ ကွမ်းသီးပင်များတွင် အဝါ ရောင်သစ်ရွက်ပိုး ကျရောက်ခဲ့သည့်အတွက် အထွက်ပမာဏ သိသိ သာသာကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ဝမ်နင်ဒေသရှိ ကွမ်းသီးပင်များ၏ ၈၀ ရာခိုင်နှုန်း၌ အဝါရောင် အရွက်ပိုး ကျရောက်ခဲ့ရာ ကွမ်းသီးနု ထုတ်လုပ်မှုနှုန်း သိသာစွာ ကျဆင်းခဲ့သည်။ ရောဂါပိုး ကျရောက်မှု အား နှိမ်နင်းခြင်းမရဘဲ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းခြင်းကို တိုးမြှင့်ခဲ့ရာ ဗီယက်နမ်နိုင်ငံသည် ကွမ်းသီး အဓိက ပေးသွင်းသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ သည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ် ကွမ်းသီးနုများကို တိုးမြှင့် ဝယ်ယူနေခြင်း၏ အဓိကအချက်မှာ ရိုးရာပွဲများတွင် တည်ခင်းဧည့်ခံ သည့်ကွမ်းသီးနုသကြားလုံးများ ထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း၊ အစေ့မတည်သေးသော သို့မဟုတ် အစေ့သေးငယ်သည့် အဆင့်၌ ရှိသော ကွမ်းသီးနုများကို စုစည်း၍ ရေနွေးငွေ့ဖြင့် အပူပေး၊ အခြောက်ခံ ပြုပြင်ပြီးနောက် သကြားလုံးအဖြစ် အဆင့်ဆင့် ပြုလုပ် ခြင်းဖြစ်ကြောင်း၊ အနည်းငယ်ချို၍ စပ်ရှရှအရသာရှိသည့် သကြား လုံးသည် အနွေးဓာတ် သတ္တိရှိခြင်းနှင့် လည်ချောင်းနာခြင်းကို သက် သာစေသည့်အတွက် ဆောင်းရာသီတွင် လူကြိုက်များသည့် အစား အစာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဘဲသားကြော်၊ ငုံးသားနှပ်၊ ဆန်ပြုတ် စသည့် တရုတ် ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်း ကျန်းမာရေး အထောက် အကူပြုရန်အတွက် ကွမ်းသီးနုများကို ထည့်သွင်းအသုံးပြုလျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံမှ ဝယ်လိုအားများပြားခြင်းကြောင့် ဗီယက် နမ် နိုင်ငံ၌ ကွမ်းသီးနုဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်တွင် မြင့်တက်ခဲ့ရာ အထူး သဖြင့် ရှေးယခင်ကတည်းက ကွမ်းသီး အမြောက်အမြား စိုက်ပျိုးရာ ဒေသများမှ တောင်သူများအတွက် ဝင်ငွေ သိသာစွာ တိုးတက်စေခဲ့ သည်။
Source : Vietnam Plus,
ပိုးဇာခြည်၊DOCA