Main menu

Background

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း တန်ချိန် ငါးသိန်း ကမ္ဘောဒီးယား တိုးမြှင့်ရရှိ

Tue, 01/07/2025 - 11:50 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီး ဆန်တင်ပို့မှုကို တန်ချိန် လေးသိန်း ခွဲတမ်းရရှိခဲ့ရာမှ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ် ရေးထိုးပြီး ၂၅ ရာခိုင်နှုန်း မြှင့်တင်လျက် ဆန်တန်ချိန် ငါးသိန်းအထိ တင်ပို့ခွင့်ရရှိခဲ့ ကြောင်း ခမာတိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖြစ်သော Green Trade ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ အစိုးရပိုင် စားသောက်ကုန်လုပ်ငန်းဖြစ် သည့်  COFCO ကော်ပိုရေးရှင်းနှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလျက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်းကို တန်ချိန် ငါးသိန်းသို့ တိုးမြှင့်နိုင်ခဲ့သည်ဟု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်း၌ ထုတ် ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာ၌ အဆိုပါဝန်ကြီးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် Green Trade ကုမ္ပဏီမှတစ်ဆင့် ဒေသတွင်းရှိ အချို့ သောနိုင်ငံများထံသို့ ကမ္ဘောဒီးယား၏ ဆန်ဈေးကွက်ကို ချဲ့ထွင်နိုင်ရေး စေ့စပ် ညှိနှိုင်းမှုများ လုပ်ဆောင်လျက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ကမ္ဘောဒီးယား - တရုတ် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်အရ ဆန်တင်ပို့မှု ဈေးကွက်မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်းဖြင့် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul  က ပြောကြားခဲ့သည်။ 
၂၀၁၄ ခုနှစ် သြဂုတ်လ၌ ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံအကြား သဘော တူလက်မှတ်ရေးထိုးခဲ့သည့် ပထမဦးဆုံး ဆန်တင်ပို့ခွင့်ခွဲတမ်း သတ်မှတ်ချက်မှာ တန်ချိန် ၁၀ဝ၀ဝ၀ သာရှိခဲ့ရာမှ တဖြည်းဖြည်း တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ 
ကမ္ဘောဒီယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ပြည်ပသို့ ဆန် ၅၇၅၅၆၂ တန်ကို တင်ပို့ခဲ့ရာ ဝင်ငွေ ဒေါ်လာ ၄၁၃ဒသမ ၉ သန်းရရှိခဲ့ကြောင်း၊ ယင်းမှာ ကုမ္ပဏီ ၅၅ ခုမှ နိုင်ငံပေါင်း ၆၇ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘောဒီးယား၏ အဓိကဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး အဆိုပါ ကာလအတွင်း တန်ဖိုးဒေါ်လာ သန်း ၇၀ ရှိသော ဆန်တန်ချိန် ၁၀၉၄၄၈ တန်ကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 
တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော တရုတ်-အာဆီယံ အရည်အသွေးမြင့် အင်ဒီ ကာဆန်မျိုးများ၏ အရသာအရည်အသွေး သုံးသပ်အကဲဖြတ်ပြိုင်ပွဲတွင် ကမ္ဘော ဒီးယား၏Sen KraOb  ဆန်မွှေးသည် အကောင်းဆန်အဖြစ် ပထမဆုရရှိထားသည်။ အဓိက ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်း တိုးချဲ့နိုင်ခြင်းက ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုကို တိုးမြှင့်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ လယ်ယာ ကဏ္ဍကိုလည်း သိသာစွာ မြှင့်တင်နိုင်လိမ့်မည်ဟု ခမာတိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။ 

Source: Khmer Times, 1 Jan 2025
UNAL, DOCA