Main menu

Background

ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား ဖိလစ်ပိုင်နိုင်ငံ ဆက်လက် လျှော့ချပေးမည်

Tue, 06/03/2025 - 11:19 -- journal_editor

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အခွန်နှုန်းထားအား ၁၅ရာခိုင်နှုန်းထိ လျှော့ချထားပေးမှု ကို ဆက်လက်ထားရှိလိုကြောင်း စိုက်ပျိုးရေးဝန်ကြီးက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 
ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန် နှုန်းထား အား ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ၃၅ရာခိုင်နှုန်း မှ ၁၅ရာခိုင်နှုန်း သို့ လျှော့ချပေးခဲ့ပြီး  ဈေးကွက်တွင်း  ဆန်ဈေးနှုန်းများ ကျဆင်းစေရန်အတွက် ဖြစ်ကြောင်း၊ သို့သော် ပြည်တွင်းဆန် ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး  အခွန်နှုန်း လျှော့ချပေးခြင်း၏ အကျိုးအမြတ်များကို ဆန်တင်သွင်းသူ များကသာ ရရှိခံစားနေရသကဲ့သို့ ဖြစ်နေကြောင်း ဖော်ပြထား ရှိသည်။ 
၂၀၂၄ ခုနှစ် ဇူလိုင်လ အမိန့်ကြော်ငြာစာအမှတ် ၆၂ အရ ဆန်အပါအဝင် အရေးကြီး ကုန်စည်များတင်သွင်းခြင်း အပေါ် အခွန်နှုန်း  လျှော့ချပေးခြင်းကို ဈေးကွက်အခြေ အနေအရ လေးလတစ်ကြိမ် ပြန်လည်သုံးသပ်သွားရန် ဖြစ် သည်။ စိုက်ပျိုးရေးဝန်ကြီး၏ ပြောကြားချက်အရ ဖိလစ်ပိုင် နိုင်ငံ၏ ဆန်တင်သွင်းမှုသည် တဖြည်းဖြည်းချင်း မြင့်တက် လျက်ရှိသည့်အတွက် သေချာပြန်လည် သုံးသပ်စဉ်းစားရန် လိုအပ်ကြောင်း၊ အခြားသော စီးပွားရေးအကြံပေးများနှင့် လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
ပြည်တွင်းဆန်လက်ကျန် အကန့်အသတ်ကြောင့် ဆန်  ဈေးနှုန်း မြင့်တက်လာမည့် အခြေအနေမျိုးကို ရှောင်ရှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်အဓိကတင်ပို့လျက်ရှိသည့် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နိုင်ငံကဲ့သို့သော ဆန်တင်ပို့နေသည့် နိုင်ငံ များ၏ စပါးရိတ်သိမ်းသည့်ကာလများတွင် ဆန်တင်သွင်းမှု အပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို  မြှင့်တင်သင့် ကြောင်းကိုလည်း စိုက်ပျိုးရေးဝန်ကြီးက ထည့်သွင်းပြောကြား ခဲ့သည်။
အမေရိကန်  စိုက်ပျိုးရေးဌာန၏   ခန့်မှန်းချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် မက် ထရစ်တန်ချိန် ၅ဒသမ၄ သန်းနှင့် ၂၀၂၆ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၅ ဒသမ ၅ သန်းခန့်အထိ  တိုးမြှင့်တင်သွင်းနိုင်ဖွယ် ရှိပြီး ၂၀၂၄ ခုနှစ်က တန်ချိန် ၄ ဒသမ ၆၈ ထိ စံချိန်တင် တင် သွင်းခဲ့သည်ကိုလည်း တွေ့ရသည်။ 
သို့ရာတွင် အမေရိကန် စိုက်ပျိုးရေးဌာန၏ ခန့်မှန်း တွက်ချက်မှုသည် ရာသီဥတု  ဆိုးရွားပြင်းထန်ခြင်းကြောင့် စပါးအထွက်နှုန်း ကျဆင်းခြင်းကို ထည့်သွင်းတွက်ချက်ထား ခြင်းဖြစ်ပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိရန် မျှော်လင့် ကြောင်း ဖော်ပြထားရှိသည်။ 
အမိန့်ကြော်ငြာစာအမှတ် (၆၂ )ဖြင့်  ဆန်တင်သွင်းမှု အပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား ၃၅ ရာခိုင်နှုန်း မှ  ၁၅ ရာခိုင်နှုန်းသို့   လျှော့ချပေးခဲ့ပြီး  လေးလတစ်ကြိမ် ပြန် လည်သုံးသပ်သွားရန်ဖြစ်ကြောင်း၊ အခွန်နှုန်းလျှော့ချပေးခြင်း ကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပီဆို ၁၅ ဘီလီယံခန့် ဆုံးရှုံးနစ်နာမှုများရှိသည်ကို ထောက်ပြပြောဆိုမှု များရှိနေကြောင်း၊ သို့ရာတွင် အခွန်နှုန်းထားကို တစ်ဆင့်ချင်း တိုးမြှင့်သွားမှသာလျှင် ဈေးကွက်ကို ထိခိုက်မှု နည်းပါးမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားထားပြီး အခြား စီးပွားရေးဌာနများ၊ အကြံပေးများနှင့် ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေဖြစ်သည်။

 

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့။