ဗီယက်နမ်သည် ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်းပြီး ပို့ကုန်ဝယ်လိုအားကို ဖြည့်ဆည်းရန် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်၏နောက် ကမ္ဘာ့ဒုတိယအကြီးမား ဆုံး ဆန်တင်သွင်းဖြစ်လာရန် ခန့်မှန်းရကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန(USDA) ၏ မေလ ၁၆ ရက်နေ့က အဆိုအရ သိရသည်။
USDA က ဗီယက်နမ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၄ သန်း နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၄ ဒသမ ၁ သန်း တင်သွင်းရန် ခန့်မှန်းရ ပြီး ဗီယက်နမ်ဆန်ကို အစဉ်အဆက်ဝယ်ယူသူဖြစ်သည့် ဖိလစ်ပိုင်သည် နှစ်စဉ် တန်ချိန် ၅ ဒသမ ၅ သန်းဖြင့် ကမ္ဘာ့အကြီးမားဆုံး ဆန်တင်သွင်းသူ ဖြစ်နိုင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထိုင်းနိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့သူဖြစ်လာနိုင်ကြောင်း သိရသည်။
၎င်းတို့သည် ၂၀၂၄-၂၀၂၅ ခုနှစ်နှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ဆန် တန်ချိန် ၇ ဒသမ ၉ သန်းတင်ပို့ရန် ခန့်မှန်းရပြီး ထိုင်း၏တင်ပို့မှု တန်ချိန် ၇ - ၇ ဒသမ ၂ သန်းကို ကျော်ဖြတ်နိုင်ကြောင်း သိရသည်။ အိန္ဒိယသည်လည်း ကမ္ဘာ့ အကြီးမားဆုံးဆန်တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်ရန် ခန့်မှန်းရပြီး နှစ်စဉ် ထုတ် လုပ်နိုင်စွမ်းမှာ တန်ချိန် ၂၄ သန်းပတ်လည်ရှိကြောင်း သိရသည်။
USDA၏ အဆိုအရ ဗီယက်နမ် ဆန်စိုက်ပျိုးသူများသည် အခြားအကျိုး အမြတ် ပိုမိုရရှိသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးသောကြောင့် နိုင်ငံ၏ ဆန် စိုက်ပျိုးသည့်ဧရိယာနှင့် ထုတ်လုပ်မှုမှာ ကျဆင်းရန်ခန့်မှန်းရကြောင်း သိရသည်။
တင်ပို့လိုအားကို ဖြည့်ဆည်းရန် ဗီယက်နမ် ဆန်တင်ပို့သူများနှင့် ဆန်စက် လုပ်ငန်းရှင်များက ကမ္ဘောဒီးယားထံမှ စပါးများဝယ်ယူလျက်ရှိကြောင်း သိရသည်။ စပါးသည် ဗီယက်နမ်တင်သွင်းမှု၏ ၇၇ ရာခိုင်နှုန်းရှိပြီး အများအားဖြင့် ကမ္ဘော ဒီးယားမှဝယ်ယူကြောင်း သိရပြီး အိန္ဒိယသည်လည်း ဗီယက်နမ်ဆန်တင်သွင်းမှု အများစုကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဗီယက်နမ် အစားအသောက်အသင်း၏ ဥက္ကဋ္ဌဖြစ်သူDo Ha Nam က ဗီယက်နမ်၏ ဆန်တင်သွင်းမှုများသည် ပြည်တွင်း ဆန်ပြတ်တောက်မှုကြောင့် မဟုတ်ကြောင်းနှင့် နိုင်ငံက အဓိကဆန်တင်သွင်းမှုများသည် တစ်ဖန်ပြန်လည် တင်ပို့ရန်နှင့် ခေါက်ဆွဲ၊ ကြာဆံနှင့် rice paper(ဗီယက်နမ်ကော်ပြန့်ရွက်) အစရှိ သည့် ပြုပြင်ထုတ်လုပ်ထားသည့်ထုတ်ကုန်များအတွက် တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချက်အလက်များအရ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ နှစ်လတာ ကာလတွင် ဆန်တန်ချိန် ၆၀ဝ၀ဝ၀ နှင့်ညီမျှသော စပါးတန်ချိန် ၁ ဒသမ ၁ သန်း ပတ်လည် တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင် ဟနွိုင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Vu Vinh Phu က ရာသီဥတုပြောင်းလဲမှုနှင့် ကုန် သွယ်ရေး ယှဉ်ပြိုင်မှုများမှ စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်၏ ဆန်တင်ပို့ မှုသည် အနည်းဆုံး နောက်ငါးနှစ်ခန့် ဆက်လက်မြင့်တက်ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် စံချိန်တင် ဆန်တန်ချိန် ၉ဒသမဝ၄ သန်း တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ဒသမ၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် နှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တန်ဖိုးတွင် ၂၁ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ၂၀၂၄ ခုနှစ် တွင် ဆန်တန်ချိန် ၃ ဒသမ ၇ သန်း တင်သွင်းခဲ့ကြောင်း သိရသည်။
Vietnam Plus DOCA (ရန်ကုန်)၊ မြသူ