Main menu

Background

ကွမ်းသီးနုများကို တရုတ် ပိုမိုတင်သွင်းနေ

Fri, 06/10/2022 - 11:56 -- journal_editor

တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတွင်  ကွမ်းသီးနုနှင့် ကွမ်းသီး ခြောက် တင်သွင်းခြင်းလုပ်ငန်းသည် အကြီးဆုံးပြင်ပသွင်းကုန်လုပ်ငန်းများ တွင်  တစ်ခုအပါအဝင် ဖြစ်လာသည်။ တရုတ်လူမျိုးများသည် ကွမ်းသီးများကို အရသာ ပို ကောင်းအောင်ပေါင်းစပ်ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် စားသုံးကြသည်။ တရုတ်နိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် တစ်နှစ်လျှင်ယွမ်ဘီလီယံ ၃၀ အထိရရှိနေသည်ဟုသိရသည်။ တရုတ် ကွမ်း သီး အဆာပြေစာသည်တရုတ်နိုင်ငံတွင်သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင်ပါ ရေပန်းစားနေပြီး ဈေးကွက် ထိုးဖောက် ဝင်ရောက်နေပြီဖြစ်သည်။ယခု တရုတ် နိုင်ငံမှဝယ်ယူနေ သည့် အရည်အသွေးမီ ကွမ်းသီးနု၏ အလေးချိန်သည် ၂၀ ဂရမ်မှ  ၃၀ ဂရမ် အထိ  ရှိရမည်ဖြစ်သည်။ တရုတ်နိုင်ငံ သည် ကွမ်းသီးနုများကို မြောက်မြားစွာ ဝယ်ယူနေခြင်းဖြစ်ပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်  ရောင်းချနေကြ ခြင်းဖြစ်သည်။ ကုန်ချောထုတ်လုပ်ရာတွင် ကွမ်းသီး၏ အထဲမှ အဆံကို အသုံးပြုခြင်းမျိုးမဟုတ်ဘဲ အပေါ်မှ အစိမ်းရောင်အခွံကို  အသုံးပြုကြခြင်း ဖြစ်သည်။ကွမ်းသီးများကို အရသာပို ကောင်းအောင် ပေါင်းစပ် ဖော် ထုတ်ပြီး အဆာပြေသရေစာအဖြစ် ပြုလုပ်ထား မှုကို တရုတ်လူမျိုး များသည် လူကြီး၊ လူငယ်မရွေး စားသုံးကြသော ရိုးရာ အဆာပြေစာတစ်ခုလည်းဖြစ်သည်။ အပြင်ပိုင်းအခွံစိမ်းလျှင် ယေဘုယျအားဖြင့်ကွမ်းသီးနုဟု သတ်မှတ် သည်။ ကွမ်းသီးအနုများကို အခိုင်လိုက်ဖြင့်သော်  လည်းကောင်း၊ အလုံးလိုက်ဖြင့်သော်လည်းကောင်း ကီလိုချိန်ဖြင့်လည်း ဝယ်ယူနေသည်။ ကွမ်းသီးနု၏အပေါ်မှအခွံကို သရေစာပြုလုပ်ရာတွင် လည်းကောင်း၊ ဆေးဖော်စပ်ရာတွင်  လည်း ကောင်းအသုံးပြုကြသည်။ ဆေးဖော်စပ်ရာတွင် အစာခြေဆေး၊ သန်ချဆေး၊ ခံတွင်းရနံ့ သန့်စင်ဆေးရည်များနှင့်  စိတ်နှင့်ပတ် သက်သည့်    စိတ်ကျရောဂါဆိုင်ရာ ရောဂါများတွင် အသုံးပြုကြသည်။ ထို့ပြင် ကွမ်းသီးနုများ၏ အပေါ်ခွံမှာ ဆေးရွက်ကြီးနှင့် ကဖင်းတို့ကဲ့သို့ လူ၏စိတ်ကို တကြွ်ကလန်းဆန်းစေသည်ဟု သိရသည်။                      
 Ref; Xinhua