Main menu

Background

တောင်အမေရိကနိုင်ငံ ဆူရီနမ်က မြန်မာ့ပြောင်း ဝယ်ယူတင်သွင်း

Tue, 12/20/2022 - 12:25 -- journal_editor

တောင်အမေရိကတိုက်၏ နိုင်ငံတစ်ခုဖြစ်သည့် ဆူရီနမ်က မြန်မာ့ပြောင်း ဝယ်ယူတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဌာနအနေဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်း ၈၇၅ တန်ကို ဆူရီနမ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း   တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စာရင်းများအရ ကမ္ဘာ့အသေးဆုံးနိုင်ငံများတွင်  ပါဝင်ပြီး  လူဦးရေ ခြောက်သိန်းခန့်သာရှိသည့် ဆူရီနမ်နိုင်ငံသည် လက်ရှိတွင် မြန်မာ့ပြောင်း ဈေးကွက်၏ တောင်အမေရိကတိုက် ဖောက်သည်ဈေးကွက် အသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးကွက်သစ်ဖြစ်သည့် ဆူရီနမ်နိုင်ငံသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ပင်လယ်ရေကြောင်းကတစ်ဆင့် မြန်မာ့ပြောင်းများ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါကာလအတွင်း  ဆူရီနမ်အပါအဝင် ပြည်ပဖောက်သည်ဈေးကွက်များထံ ပင်လယ်ရေကြောင်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်တန်ဖိုးရှိ  ပြောင်းတန်ချိန် ခြောက်သောင်းခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း    ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း  ပမာဏရှိသည့် ပြောင်းတန်ချိန်   ၅၆၀ဝ ခန့်ကို  တင်ပို့ရောင်းချထားကြောင်း သိရသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏စာရင်းများအရ ပို့ကုန်ဝင်ငွေအများဆုံးရရှိသည့် ကုန်ပစ္စည်း ၁၀ မျိုးတွင် ပြောင်းပို့ကုန်လည်း ပါဝင်နေပြီး   ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အမေရိကန်ဒေါ်လာ ၆၅ သန်းကျော်နှင့် နိုင်ငံခြား ငွေ အများဆုံးရရှိသည့် ပို့ကုန်အမယ်  သုံးမျိုးတွင် စာရင်းဝင် ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်  မြန်မာနိုင်ငံကထွက်ရှိသည့်  ပြောင်းဆန်များကို ပင်လယ်ရေကြောင်းမှနေ၍ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား၊ ဆူရီနမ်၊ သီရိလင်္ကာနှင့် စင်ကာပူ တို့က ဝယ်ယူနေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း ထိုင်းနှင့်  တရုတ်နိုင်ငံတို့သို့   တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။