Main menu

Background

ဗီယက်နမ်သို့ ကြိုရောင်းစနစ်ဖြင့် သကြားတန်ချိန် ငါးသောင်းတင်ပို့ရန် သဘောတူထား

Tue, 12/27/2022 - 10:15 -- journal_editor

လာမည့်  ကြံရာသီတွင် ပြည်တွင်းမှထုတ်လုပ်သော သကြားတန်ချိန်  ငါးသောင်းကို ဗီယက်နမ်နိုင်ငံသို့  ကြိုရောင်းစနစ်ဖြင့် တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရသည်။
ဗီယက်နမ်သို့  တင်ပို့ရန် FOB ဈေးနှုန်း သတ်မှတ်ချက်အနေဖြင့်  သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ  ဝန်းကျင်ခန့်ရှိနိုင် ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်း ဌေးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။
“မြန်မာ့သကြားကို ဗီယက်နမ်ကို တင်ပို့ဖို့ကတော့ လာမယ့် ဇန်နဝါရီနဲ့  ဖေဖော်ဝါရီလောက်မှာဖြစ်မယ်။   ကြိုရောင်းစနစ်နဲ့သွားဖို့ရှိတယ်။ တရုတ်သကြားစက်တွေက မြန်မာ့ကြံကို ဈေးကောင်းပေးဝယ်ကြသလို  လက်ရှိ ငွေလဲနှုန်းလည်း ကောင်းတော့ ကြံစိုက်သူတွေ အဆင်ပြေကြတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာ ၂၅၀ဝ ဝန်းကျင်အထိ အမြင့်ဆုံးရောက် ရှိနေပြီး    သကြားစက်ရုံသစ်များလည်း  ပေါ်ပေါက်လာပြီဖြစ်၍    သကြားထုတ်လုပ်မှုမှာ ယခင်နှစ်များထက်   ပိုမိုလာမည်ဖြစ်ကာ ပြည်တွင်းစားသုံးမှုလုံလောက်သည့်အတွက် ဗီယက်နမ်သို့ အဓိကတင်ပို့လျက်ရှိကြောင်း  ၎င်းကပြောသည်။ပြည်တွင်း၌ သကြားစက်ရုံပေါင်း ၃၀ ခန့်ရှိသည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် သကြားစက်ရုံအသစ်နှစ်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်ရုံသစ်နှစ်ရုံ၊ စုစုပေါင်း စက်ရုံ အသစ်လေးရုံ  တိုးလာမည်ဖြစ်ရာ ကြိတ်ဝါးကြံ လိုအပ်ချက်များလာမည်ဖြစ်သည့်အတွက် သကြားထုတ်လုပ်မှုလည်း ပိုမိုလာမည်ဖြစ်ကြောင်း သိရသည်။
“ကြံကြိတ်ဝါးတဲ့ ရာသီရောက်ပြီဆိုတော့   ပြည်တွင်းသကြားစက်တချို့ လည်ပတ်နေပြီ။ တချို့လည်း လည်ပတ်ဖို့ စတင်နေပြီဆိုတော့ သကြားတွေက ဈေးကွက်ထဲ ရောက်လာတော့မယ်။ ဒါ့အပြင် ကြံကိုလည်း  တရုတ်နယ်စပ်နဲ့ နီးတဲ့ဒေသတွေမှာ  တရုတ်က သူတို့ စက်ရုံရဲ့ လိုအပ်ချက်ကြီးမားလို့  ထွက်သလောက် ဝယ်နေတယ်”ဟု ဦး ဝင်းဌေးက ပြောသည်။သကြားစက်ရုံသစ်များ  တိုးလာပြီး ဈေးကောင်းရရှိလာသည့်အတွက် သကြားစက်များ မှ ကြံတစ်တန်ကို စက်ရုံအရောက် အမြင့်ဆုံးဈေး  ကျပ် ၉၀ဝ၀ဝ ဝန်းကျင် ပေးဝယ်လျက်ရှိကာ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဝန်းကျင်က ကြံတစ်တန် အမြင့်ဆုံးဈေး  ကျပ်  ၆၀ဝ၀ဝ ဝန်းကျင်ရှိ၍  ထိုအချိန်က သကြားတစ်ပိဿာ ၁၅၀ဝ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သည် ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပြည်ပသို့   သကြားနှင့် သကြားထုတ်ကုန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၆၆ သန်း ကျော် ရရှိခဲ့ကြောင်း သိရသည်။