Main menu

Background

အိန္ဒိယ သရက်သီး စိုက်ပျိုးသူများ မလေးရှားဈေးကွက်ဝေစု သိမ်းယူဖို့စီစဉ်

Tue, 06/07/2011 - 06:46 -- Anonymous (not verified)

အိန္ဒိယ သရက်သီး စိုက်ပျိုးသူများ မလေးရှားဈေးကွက်ဝေစု သိမ်းယူဖို့စီစဉ်

 

 

                  ကမ္ဘာ့သရက်သီး အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံဟာ ယခုရာသီအတွင်း သရက်သီးတန်ချိန် ၇ဝဝဝဝ ထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပြီး ယခုနှစ် မလေးရှားဈေးကွက်ဝေစု ခဲျ့ထွင်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ရာသီမတိုင်မီ ယခင်နှစ် ဆောင်းတွင်းအအေးပိုပြီး ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကြောင့် အရသာရှိတဲ့ Alphonso သရက်သီးအမျိုးအစားအပါအဝင် သရက်ထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ ပြည်ပတင်ပို့မှုတော့ ကျဆင်းဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။

 

 

                  လက်ရှိအချိန်ထိ ပြည်ပတင်ပို့မှု အခြေအနေကောင်းနေဆဲဖြစ်ပြီး ယခုနှစ် ဇွန်လအတွင်း မလေးရှားကို တိုးမြှင့် တင်ပို့ဖို့လည်း စီစဉ်နေတယ်လို့ စိုက်ပျိုးရေးထုတ်ကုန်နဲ့ စားသောက်ကုန်ပြုပြင်ထုတ်လုပ်တင်ပို့မှုဌာန ဒုတိယအထွေထွေ မန်နေဂျာ V.K Kaul က ဆိုပါတယ်။ အိန္ဒိယ လတ်ဆတ်သရက်နဲ့ သရက်ဖျော်ရည်တို့ဟာ ကမ္ဘာတစ်ဝန်း ထင်ရှားပြီး ၂ဝ၁ဝ ခုနှစ်အတွင်း မလေးရှားနိုင်ငံက တန်ချိန် ၄ဝဝ နီးပါး တန်ဘိုးအားဖြင့် ရင်းဂစ် ၁ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၃၁ သိန်း) ဖိုးတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ ယခင်နှစ်က အိန္ဒိယ စုစုပေါင်းတင်ပို့မှု တန်ချိန် ၆၅ဝဝဝ နဲ့ယှဉ်ရင် အလွန်ပဲ နည်းနေသေးတယ်လို့ ဆိုပါတယ်။

              အိန္ဒိယနိုင်ငံမှာ ဧပြီလနဲ့ ဇူလိုင်လအတွင်း စုစုပေါင်းသရက်သီးတန်ချိန် ၁၃ သန်းထုတ်လုပ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းသရက်မျိုးပေါင်း ၁ဝဝဝ နီးပါးရှိတဲ့ အနက် ၃ဝ မျိုးသာလျှင် စီးပွားဖြစ်စိုက်ပျိုးတယ်လို့ ဆိုပါတယ်။   ယမင်းခင်၊Source: yahoo.com