Main menu

Background

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးနှင့်ကုန်သွယ်ရေးမူဝါဒများက ကမ္ဘာ့စီးပွားရေးအန္တရာယ်ကိုဖန်တီး

Fri, 06/22/2018 - 10:35 -- journal_editor

အမေရိကန်စီးပွားရေး နာလန်ထူမှု ကြီးထွားစပြုလာချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော စီးပွားရေးမူဝါဒများနှင့် ကြီးမားသော အခွန်လျှော့ချမှုတို့က ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေနိုင်သော အန္တရာယ်များကိုဖန်တီးလျက်ရှိ ကြောင်း အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ဇွန် ၁၄ ရက် ကသတိပေးချက်ကိုကိုးကား၍ (အေအက်ဖ်ပီ) သတင်းတွင် ဖော်ပြ သည်။

အခွန်လျှော့ချမှုများက စီးပွားရေးကို ရေတိုတွင်မြှင့်တင်ပေးနိုင် သော်လည်း အမေရိကန်စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးကို အန္တရာယ် ပြုစေနိုင်ပြီး ထိုအန္တရာယ်များ၏ အရွယ်အစားပိုမိုအောင် ဖန်တီးနိုင် ကြောင်း အိုင်အမ်အက်ဖ်အဖွဲ့၏အမေရိကန် ပြည်ထောင်စု နှစ်စဉ် လေ့လာသုံးသပ်ချက်တွင် ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စုက ပြဋ္ဌာန်းထားသော သို့မဟုတ် ပြဋ္ဌာန်းခြိမ်းခြောက်နေသော သွင်းကုန်ခွန်များက ကမ္ဘာ့စီးပွားရေး နာလန်ထူမှုကို ထိခိုက်စေနိုင်သည်။ ထို့အတူ လက်တုံ့ပြန်မှု သံသရာ လည်ပြီး  ကမ္ဘာ့ဖြန့်ဖြူးမှုကွင်းဆက်ကိုအဟန့်အတား ဖြစ်စေနိုင် ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုးရှိ တရုတ်ကုန်စည်များအပေါ်တွင် အခွန် ၂၅ ရာခိုင်နှုန်း တိုး ကောက်ရန် ကြေညာချက်ထုတ်ပြန်လိမ့်မည်ဟု အများက ခန့်မှန်း ထားသည်။ ထို့ကြောင့် အိုင်အမ်အက်ဖ် အုပ်ချုပ်ရေး မှူး ခရစ်စတင်း လားဂတ်က ကုန်သွယ်ရေးစစ်ပွဲများတွင် အောင်နိုင်သူဟူ၍ မရှိနိုင် ကြောင်း သတိပေးပြောကြားခဲ့သည်။

သူတို့ခြိမ်းခြောက်ခံနေရသည့်အတိုင်း အမေရိကန်ပြည် ထောင်စု ၏ ကုန်သွယ်ဖက်တို့က လက်တုံ့ပြန်လာပါက နှစ်ဖက်စလုံး အရှုံးသမားများဖြစ်လာနိုင်ကြောင်း၊ လားဂတ်က သတင်းထောက်များ အား ပြောကြားသည်။ ထိုရလဒ်က အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ပြင်းထန်သော စီးပွားရေးဂယက်ရိုက်ခတ်မှု ဖြစ်လာနိုင်ကြောင်း  လားဂတ်ကဆို သည်။

စီးပွားရေးအပေါ် တိုက်ရိုက် ဂယက်ရိုက်ခတ်မှု မည်မျှရှိမည် ဆိုသည့်အချက်မှာ တုံ့ပြန်မှုအရွယ်အစားနှင့် အချိန်ကာလ ပေါ်တွင် မူတည်နေသည့်အတွက် တွက်ချက်ရန် ခက်ခဲကြောင်း ယင်းကပြော သည်။သို့သော် ကုန်သွယ်ရေး ပဋိပက္ခသည် စီးပွားရေးအပေါ်ယုံကြည် မှုကိုကျဆင်းစေပြီး ရင်းနှီးမြှုပ်နှံမှုများကိုလည်း တုံ့ဆိုင်းသွား စေနိုင် သည်။ အမှန်စင်စစ် ဥရောပနိုင်ငံများတွင် ထိုသို့ ဖြစ်ပေါ်မည့် အလား အလာတို့ကို တွေ့မြင်နေရကြောင်းလားဂတ် ကပြောသည်။

“တစ်ဖက်သတ် ကုန်သွယ်ရေးအရေးယူမှုက အနှောင့်အယှက် တွေဖြစ်ပေါ်စေနိုင်ပြီး တန်ပြန်အကျိုးသက်ရောက်မှု တွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်”ဟု လားဂတ်က ပြောသည်။အခွန်တိုးမြှင့်ကောက်ခံမှုအတွက် အကြောင်းပြရာတွင် အမျိုး သားလုံခြုံရေးကို အကြောင်းပြခြင်းသည် ပြလေ့မရှိသော အကြောင်း ပြချက်ဖြစ်ပြီး ထိုကဲ့သို့ လိုက်ပါဆောင်ရွက်ရန် အခြားနိုင်ငံများကို တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်းနှင့် ထိုသို့ဆောင် ရွက်ခြင်းဖြင့် စည်းမျဉ်းစည်း ကမ်းအခြေပြု ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ထိခိုက် စေနိုင်သည်ဟုဆိုသည်။ “ဒါကြောင့် အခွန်အကောက်နဲ့ အခွန်အကောက်မဟုတ်တဲ့ အတားအဆီးတွေကို မချမှတ်ဘဲ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ မှုဆိုင် ရာ သဘောထားကွဲလွဲမှုတွေကို အမေရိကန်ပြည်ထောင်စုက ကုန် သွယ်ဖက်နိုင်ငံတွေနဲ့  အပြုသဘောဖြေရှင်းစေ ချင်ပါတယ်”ဟု လားဂတ်က ပြောသည်။